ကျောက်မဲ၊ ဂုတ်တွင်း လမ်းပိုင်းတွင် အပစ်ခံရသော စစ်ကားတွင် နောင်ချို အခြေစိုက် ခမရ ၁၁၄ နှင့် ၁၁၅ မှ စစ်သားများလိုက်ပါပြီး အနည်းဆုံး စစ်သား ၁၀ ဦးထက်မနည်း သေဆုံး
ရန်ကုန်၊ သြဂုတ် ၄
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး အဆိုပါ စစ်ကားတွင် နောင်ချိုအခြေစိုက် ခမရ ၁၁၄ နှင့် ၁၁၅ မှ စစ်သားများလိုက်ပါကာ အနည်းဆုံး စစ်သား ၁၀ ဦးထက်မနည်း သေဆုံးကြောင်း နောင်ချိုသတင်းရင်းမြစ်များထံမှ သိရှိရသည်။
သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။
” ဂုတ်တွင်း အတက် ကျောက်မဲဘက်ခြမ်းမှာ စစ်ကား အပစ် ခံရတာ ကားတွေ ပိတ်မိနေပြီး ကားတွေ ပြန်ထွက်လို့ ရလို့ မောင်းတဲ့အချိန်မှာ စစ်သားအလောင်းတွေ လမ်းမပေါ် အပုံလိုက်တွေ့ရတယ်။ ဘယ်နှကောင် သေလဲ အတိအကျတော့ မသိရပါဘူး” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။
နောင်ချိုသတင်းရင်းမြစ်ကမူ ဂုတ်တွင်းပစ်ခံရ ” ခမရ ၁၁၄ က စစ်သား ၄ ဦး၊ ခမရ ၁၁၅ က စစ်သား ၅ ဦး သေတယ်ပြောတယ်။ အရေအတွက် အတိအကျ ထပ်မသိရသေးဘူး။ ဒီထက်လည်းများနိုင်တယ်။ လုံခြုံရေးအရဆိုပြီး အလောင်းသယ်တဲ့ ကားတွေကို ဓာတ်ပုံတောင်မရိုက်ခိုင်းဘူး” ဟု နောင်ချိုသတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ- နောင်ချို ခမရ ၁၁၄ တပ်ရင်းအတွင်း အခမ်းအနားတစ်ခုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)