ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ သြဂုတ် ၅
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၅ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ ၇၀၈ နှင့် ၇၀၂ စစ်ကြောင်းသည် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပြည်သူ ၅၀၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ ရှော်ဖြူ၊ ချောင်းရိုး၊ တောင်တော၊ ရွာမ၊ တင်းတိန်ရံ၊ ထန်းတော၊ မြို့ကြီး၊ ပေါက်တော၊ ငါးပိခိုး၊ စပ်သီးခိုး၊ အုန်းခြံ၊ အောင်ကလေး၊ မကျည်းနီနှင့် ဆိတ်သင်းဘိုး စသည့် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
” အကြမ်းဖက် စစ်ခွေး စစ်ကြောင်းက ရေဦးနယ်အနောက်ခြမ်း တောင်တော/ရွာမဘက်ကနေ တင်းတိန်ရံစံပြရွာ စျေးဘက်နဲ့ ဆန်စက်ဘက်ကို အဖွဲ့ခွဲ တပ်စွဲထားပြီး ကျေးရွာတွေ အတွင်းကို လည်း ဝင်ရောက်မွှေနှောက်နေကြပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တင်းတိန်ရံရွာအတွင်း ရောက်ရှိနေကာ လက်ရှိချိန်ထိ တပ်စွဲထားကြောင်း သိရသည်။