မြိုင်မြို့နယ်ရှိ ကန်နီရွာမှ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ရွာထဲမှ ထွက်လာသည့် စစ်ကြောင်းကိုလည်း မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ သြဂုတ် ၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Middle Revolution Task Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် MRTF ဦးဆောင်သော Drone တပ်ဖွဲ့မှ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ကန်နီရွာရှိ ပျူစောထီးစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး မျှော်စင်ပေါ်မှ စစ်သား ၁ ဦး အီနာဂါ ထိမှန် ပြုတ်ကျကာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ကန်နီပျူရွာကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကန်နီရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး တိုက်မိုင်းထိမှန်ကာ စစ်သားများ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။
“အားလုံးပေါင်း ဒရုန်းနဲ့ အီနာဂါ ၈ လုံးချတယ်။ မျှော်စင်ပေါ်က စစ်ခွေးကတော့ ပြုတ်ကျသွားတယ်။ ထိခိုက်ဒဏ်ရာ ပြင်းထန်တယ်လို့တော့ သိရတယ်။ ရွာထဲက ထွက်လာတဲ့ စစ်ခွေးတွေလည်း တိုက်မိုင်းမိတယ်။ ၁ ဦးကတော့ ပြင်းထန်ဒဏ်ရာလို့တော့ သိရတယ်။ သေစာရင်းတော့ မသိရသေးဘူး။ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေကလည်း ၆၀ မမ တွေနဲ့ ပစ်ခတ်ခဲ့တယ်” ဟု Middle Revolution Task Force တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force၊ FREEDOM FIGHTER -LDF ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊ အညာမြေ၊ သံမဏိသိန်းငှက်၊ အမိမြေ၊ R.P.T.F .ဂျိုင်းကြားအဖွဲ့၊ Thu Rain > TR တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။