ရေဖြူတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ ဩဂုတ် ၉
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၈ ရက်၊ နံနက် ၇ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထိန်ကြီးရွာသားများဖြစ်သည့် ဦးကျော်သိန်း၊ ကိုလူမဲ၊ဦးမော်တင်ထွေး၊ဦးစုငယ် တို့ ၄ ဦးကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးရာ လမ်း တစ်လျှောက်တွင် မှိုရှာနေသည့် မူးဒူးရွာသား ၁ ဦးကိုလည်း ထပ်မံ ဖမ်းသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဖြူမြို့နယ်အတွင်း စစ်ကြောင်း ၃ ခုခွဲ၍ တောနင်းနေသောကြောင့် ထိန်ကြီး၊ လဲရှောင်၊ ပရဒတ်၊ ဘဝါ၊ ထွက်ဝ၊ ခမောင်းချောင်း၊ ဧကနိနှင့် ဝဇွမ်းတောတို့ရွာ ၈ ရွာမှ ဒေသပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံပေါက်ဒေသ၊ ပယရွာဘက်ကိုလည်း စစ်ကား ၅ စီးဖြင့် သြဂုတ်လ ၈ ရက်နေ့က ဝင်ရောက်လာပြီး အင်အား ၅၀ ဝန်းကျင်ကိုထားခဲ့ကာ တောလမ်းအတိုင်း ခေါင်ပြင်ရွာဖက် ဆင်းသွားကြောင်း သိရှိရသည်။