မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ်၏ ထောက်ပို့ ယာဥ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ သြဂုတ် ၁၅
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ ယာဥ်တန်းများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၄ နာရီ ၃၅ မိနစ်တွင် စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ ကား ၁၆ စီးပါ ယာဥ်တန်းကို မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ရွာ အကြား ပဒေသာမိုင်း တစ်ဖက်ပွင့်ပြောင်း ၃ လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ ၁၂ စီးမြောက်ကားကို ထိမှန်ခဲ့ကြောင်း၊ မွန်းလွဲ ၄နာရီ ၃၈ မိနစ်ခန့်တွင်လည်း ၄င်းယာဥ်တန်းကို အလ္လကပ္ပကျေးရွာနှင့်ဝမ်းပြည့်ကျေးရွာ အကြားတွင် ပဒေသာမိုင်း ၄ လုံးဖြင့် ၂ ကြိမ်ခွဲ၍ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၁ စီးမြောက်ကားကို ထိမှန်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမှ မုံရွာဘက်သို့ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ လိုက်ထရပ်ကား ၁ စီး၊ တွဲကားအတို ၂ စီး၊ ဆီကား ၁ စီး ကို အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် ၆၀ မမ ၂ လုံး၊ ပဒေသာမိုင်းလုံး ၂ လုံး တို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ၃ စီးမြောက်တွဲကားနှင့် ၄ စီးမြောက် ဆီကားကို ထိမှန်ခဲ့ကြောင်း၊ ထို့ပြင် ည ၁၀နာရီ ၃၃ မိနစ်ခန့်တွင် ၄င်းယာဥ်တန်းကို အလ္လကပ္ပကျေးရွာနှင့် ဘိုးမင်းကြီးကင်းရွာ အကြားတွင် ပဒေသာမိုင်း ၄ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၄ စီးမြောက်ဆီကားကို ထပ်မံ ထိမှန်ခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်လာသည့် မိုးကာအုပ် ဖောကား ၄ စီးကို အလ္လကပ္ပကျေးရွာ နှင့် ဘိုးမင်းကြီးကင်းရွာအကြားတွင် Mytel မိုင်းကြီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ၃ စီးမြောက် ဆီပေပါတင်လာသော ဖောကားကို ထိမှန်ခဲ့ကြောင်း သိရသည်။
“စစ်ခွေး ကင်းပုန်းတွေ တော်တော်များတယ်။ အဲ့ကြားထဲကနေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ယာဥ်တန်းတွေမှာက စစ်ခွေးတွေ လိုက်မလာရဲဘူး သူတို့ ပစ္စည်းတွေ ရိက္ခာတွေနဲ့ ဆီကားတွေကိုပဲ အဓိထားပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်” ဟု Black Eagle Defence Force-MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ယာဥ်တန်းများတွင် စစ်သားများ လိုက်ပါလာခြင်းမရှိလဲ ပစ္စည်းများကိုသာ အဓိက တင်ဆောင်လာခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ယာဥ်တန်းများကို မိုင်း ၁၅ လုံး၊ တစ်ဖက်ပွင့်ပြောင်း ၃ လုံး၊ ၆၀ မမ ၂ လုံး အသုံးပြု၍ ၇ ကြိမ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ကား ၆ စီးကို ထိမှန်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force-MMU အဖွဲ့နှင့် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။