ဘုတလင်မြို့နယ်ရှိ သခွတ္တနယ် စံပြရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် အများအပြား မီးလောင်ပြာကျ
ရန်ကုန်၊ သြဂုတ် ၁၅
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သခွတ္တနယ် စံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးကြောင့် နေအိမ် အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်မှ စတင်ကာအကြမ်းဖက် စစ်တပ်က သခွတ္တနယ် စံပြရွာကို ဩဂုတ်လ ၁၃ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင် နေအိမ်အများအပြား မီးလောင်ပြာကျကာ ဒေသ ပြည်သူ ထောင်နှင့်ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
” စစ်ခွေးတွေက အခုချိန်ထိ ညောင်ကန်ရွာမှာအထိုင်ချနေတယ်။ သခွတ္တနယ်စံပြကျေးရွာရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းက ဆုံးရှုံးမှုများတယ်။ နေအိမ် စာရင်းက ကောက်နေတုန်းပါ စားရင်း မသိရသေးပါဘူး။ ရွာကကြီးတော့ ဘယ်လောက်ပါသွားလဲ အတိအကျ မပြောကြသေးပါဘူး။ နေအိမ်တွေက မကျန်သလောက်ပါပဲ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။