ကလေးမြို့နယ်ရှိ သာစည်ရွာကို စစ်တပ်က ၄ ရက်ဆက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ဖျက်ဆီးနေ
ရန်ကုန်၊ ဩဂုတ် ၁၉
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က ကလေးမြို့နယ်ရှိ သာစည်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ကျေးရွာအနီးအနားတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ ၄ ရက်ဆက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး JBC များဖြင့်ပါ ဖြိုချနေပြီး ရွာလုံးကျွတ် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ နေအိမ်အတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း သိရှိရသည်။
” ဒီနေ့ နံနံက် ၁၀ နာရီဝန်းကျင်လောက်က စပြီး စစ်ခွေးတွေက ထပ်ရှို့နေတာ ဒီနေ့နဲ့ဆို ၄ ရက်ဆက် ရွာကလုံးကျွတ် ဖျက်ဆီးနေတာ စစ်ခွေးတွေက နေအိမ်တွေကို မီးရှို့ရုံမဟုတ်ဘူး။ JBC တွေနဲ့ပါ ထိုးပြီး ဖျက်ဆီးနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။