စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း People’s Army To Fight Dictatorship -PAFD တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်က စစ်ကိုင်းမြို့နယ်၊ ပေါက်ကားရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်းစရွာဘက် သို့ ဆက်လက် စစ်ကြောင်းထိုးလာစဥ် အင်းစရွာအနောက်ဘက် တောလမ်း တစ်နေရာအရောက်၌ အတန်းလိုက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကြောင်း၌ပါရှိသော ဂျန်ပါကြောင့် မိုင်းမကွဲဘဲ တော်လှန်ရေး ရဲဘော် ၁ ဦးက လက်ပစ်မိုင်းဖြင့် ပစ်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် မိုင်းများအားလုံး ထကွဲပြီး စစ်သား ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မနေ့က ၂ နာရီ ၃၇ မိနစ်လောက်မှာ အင်းစရွာအနောက်ဘက်မှာ ထိပ်တိုက်တွေ့တာ၊ ထုတ်ပြန်ချက်ထဲ မှာပါတဲ့ဖြစ်အတိုင်းဖြစ်တယ်၊ ညနေဘက်ကျတော့ တလိုင်းနဲ့ညောင်ပင်ရှည်ဘက်ကို စစ်ကြောင်း ဆက် တိုးသွားတယ်၊ ထိုးသွားပြီးတော့ ဒီနေ့(ဩဂုတ်လ ၂၁ ရက်) ၉ နာရီ ၁၀ နာရီလောက်မှာ မြင်းမူမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က မူးခြားတာကိုး၊ သူတို့ထိုးတာက စစ်ကိုင်းမြို့နယ်ထဲကို ထိုးတာ၊ သူတို့က ညောင်ပင် ရှည်ရွာကနေပြီးတော့ မူးမန္တလေးဘက်ကို လက်နက်ကြီးနဲ့လှမ်းပစ်တာ၊ အဲလိုလှမ်းပစ်တော့ ၂၃ နှစ်အ ရွယ်ကောင်မလေး တစ်ယောက် အောက်ပိုင်းပြတ်ပြီးတော့ ချက်ချင်းသေသွားတယ်၊ အခုလက်ရှိ ကနော်တို့သိရသလောက်တော့ ဝက်လက်မြို့နယ်ဘက်ကို ဦးတည်ပြီးတော့ အဲဒီစစ်ကြောင်းက ထွက် သွား တယ်” ဟု People’s Army To Fight Dictatorship -PAFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထို့သို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ် ၈ စီးကို မီးရှို့ဖျက်ဆီးပြီး တလိုင်းကျေးရွာနှင့် ညောင် ပင်ရှည်ရွာများဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army To Fight Dictatorship(PAFD) တပ်ဖွဲ့ဝင်များ၊ ဒေသခံပကဖ၊ တပ်ရင်း ၃ တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။