ရန်ကုန်၊ မေ ၂၅
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ စစ်တပ်က ဂေါ့အင်းရွာမှ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်မှ စတင်ပြီး လောင်းလုံးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးရှိ ညင်းမော်ရွာ၊ ရင်းဘုတ်ရွာနှင့် စစ်ပြဲရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ မေလ ၂၄ ရက်နေ့တွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားကာ စစ်သား ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရသည်။
အလားတူ ယနေ့ မေလ ၂၅ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဂေါ့အင်းရွာအနီးရှိ တောတောင်များ အတွင်း လှည့်ပတ်သွားလာနေပြီး တော်လှန်ရေးတပ်များကလည်း ဒရုန်းများဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေ၍ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရှိရသည်။
ထိုစစ်ကြောင်းသည် ဂေါ့အင်းရွာကို ဝင်ရောက်စီးနင်းစဉ်ကလည်း ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကာ လက်ရှိချိန်ထိ စစ်ပြဲကျေးရွာ၊ ညင်းမော်ကျးရွာ၊ ဂေါ့အင်းကျေးရွာ၊ ရေဖြူကျေးရွာ ၊ ဝံတွင်းကျးရွာ၊ သင်္ကန်းတော၊ ပိန္နဲတောကျေးရွာနှင့် ကျောက်ဖြူကျေးရွာတို့မှ ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ထိတွေ့ တိုက်ပွဲကတော့ မနေ့က မြေပြင်မှာပါ ဖြစ်ပွားခဲ့တယ်။ စစ်ခွေးတွေဘက်က ၃ ဦးထက်မနည်း သေဆုံးနိုင်တယ်။ ဒဏ်ရာရတာလည်း တော်တော်များတယ်။ ဒီနေ့တော့ ဒရုန်းတွေနဲ့ လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေတာပဲရှိတယ်။ မြေပြင် တိုက်ပွဲကတော့ ဖြစ်ပွားတာမရှိပါဘူး။ စစ်ခွေးစစ်ကြောင်းက အခုထိ ဂေါ့အင်းရွာနားက တောတောင်တွေမှာရှိနေတုန်းပဲ စစ်ခွေးတွေကို ဘယ်ကို ဆက်ပြီး ထွက်လာမလဲဆိုတာတော့ စောင့်ကြည့်နေတုန်းပဲ” ဟု ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် သည် လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးနိုင်ရန် ဧပြီလာပိုင်းမှ စတင်၍ ထားဝယ်မြို့ဘက်မှ စစ်မှုထမ်း တပ်သားသစ် အများအပြား ပါဝင်သော စစ်အင်အားများ ဖြည့်တင်းပြီးနောက် ယနေ့ တွင် စစ်ကြောင်းစတင်ထိုးလာခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီလ ၂၂ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညှင်းမော်ကျေးရွာအတွင်းသို့ ထားဝယ်-လောင်းလုံးလမ်းအတိုင်း အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲထားစဉ် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (L.L.S.B.F) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့က ပူးပေါင်းတိုက်ခိုက်ခြင်းကြောင့် အထိနာကာ ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ညှင်းမော်ရွာမှ လောင်းလုံးမြို့ပေါ်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရှိရသည်




