ခင်ဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်
ရန်ကုန်၊ ဩဂုတ် ၂၂
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်း ထိုးလာသည့်အတွက် ဒေသပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ခင်ဦးမြို့နယ်အတွင်းရှိ ခင်ဦး စခန်းမှ ယနေ့ နံနက်ပိုင်းတွင် စတင်၍ ခင်ဦးမှ အရှေ့တောင်ဘက်ဆီသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး နီးစပ်ရာကျေးရွာများမှ တောင်သူ၄၀၀၀ ကျော်သည် ကောက်စိုက်၊ ပျိုးနှုတ်အလုပ်များကို ပစ်၍ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည် ။
ခင်ဦးတောင်ဘက်ရှိသော လောင်းရှည်ရွာကြီး၊လောင်းရှည်ရွာသစ်၊လက်ပံလှ၊ချောင်းဆုံ၊သံဘို၊ကျီးကန်၊ရေအေးကုန်း စသည့်ကျေးရွာများမှ ပြည်သူများသည် မိုးစပါးစိုက်ပျိုးချိန် စစ်ကြောင်းထိုးလာတာကြောင့် ကောက်စိုက်ပျိုးနှုတ်များ ပစ်၍ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းတွင်လည်း သြဂုတ်လ ၂၂ရက်နေ့ နံနက်ပိုင်းတွင် ရေဦးတိုင်းရင်းဆေးရုံမှ အကြမ်းဖက်စစ်တပ်၏ ကားကြီး ၄စီးဖြင့် ရေဦးမူးမြစ်ကူးတံတားမှ အင်းပတ်ကွေ့သို့ စစ်သား အင်အား ၁၀၀ ကျော်လာချသွားတာကြောင့် နီးစပ်ရာကျေးရွာများမှ ပြည်သူ ၄၀၀၀ ကျော်သည်လည်း မိုးထဲရေထဲဗွက်ထဲ ဆက်လက်ထွက်ပြေးနေရကြောင်း သိရှိရသည်။
ထို့ကြောင့် ခင်ဦးမြို့ နယ်အနောက်ခြမ်းနှင့်အရှေ့တောင်ခြမ်းမှ စုစုပေါင်း ကျေးရွာ ၁၃ ရွာမှ ပြည်သူ ၈၀၀၀ ကျော် သည် အကြမ်းဖက်စစ်တပ်ကြောင့် ယခုအချိန်သည် မိုးစပါး(ရွှေဘိုပေါ်ဆန်းခေါ်ဘေးကြား)စိုက်ပျိုးချိန်ဖြစ်သော်လည်း မိုးထဲရေထဲဗွက်ထဲတွင် အလုပ်အကိုင်ပစ် အသက်ဘေးလွတ်ရာသို့ ဆက်တိုက်ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ခင်ဦးမြို့နယ်အတွင်း သြဂုတ် ၂၁ရက်နေ့တွင်လည်း ခင်ဦးစခန်းမှအင်အားတစ်ရာကျော် စစ်ကြောင်းသည် ခင်ဦးမြို့ ပတ်ချာလည် မြို့ဝန်းကျင် စစ်ကြောင်းထိုးခဲ့ပြီး ဖမ်းဆီးခံရသူအများအပြားရှိခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ အများစုကို ညနေပိုင်းတွင် ပြန်လွတ်ခဲ့သော်လည်း တောင်သူ လုပ်ကိုင်ကြသည့် ဒေါ်ဌေး အသက် ၅၅နှစ် နှင့် ဒေါ်ခင်မာလာ အသက် ၄၈နှစ်တို့ကိုမူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်မလွတ်သေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။