မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လျက်ရှိပြီး ဘဏ်တိုးနှုန်း တိုးမြှင့် ပြင်ဆင် ဆောင်ရွက်မည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က ပြောဆို
ရန်ကုန်၊ ဩဂုတ် ၂၃
မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လျက်ရှိပြီး ဘဏ်တိုးနှုန်း တိုးမြှင့် ပြင်ဆင် ဆောင်ရွက်မည်ဟု စစ်ကောင်စီ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာ လင်းအောင်က ယမန်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောဆို လိုက်သည်။
မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ ထိုသို့ မြင့်တက်မှုကို ဖြေရှင်းရန် ဗဟိုဘဏ်အနေဖြင့် ကိုင်တွယ်ဖြေရှင်းရန်ရှိနေပြီး နည်းလမ်းရှာနေကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်နေကြောင်း၊ အတိုးနှုန်းမြှင့်တင်၍ ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချ သကဲ့သို့ အတိုးနှုန်းမြှင့်တင်ခြင်းမပြုဘဲ ဖြေလျှော့ဆောက်ရွက်သည့် နိုင်ငံများ လည်း ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အတိုးနှုန်းပြင်ဆင် ဆောင်ရွက် သွားရန်ရှိကြောင်း ၎င်းက ဆိုသည်။
“မြန်မာနိုင်ငံမှာလည်း ငွေကြေးဖောင်းပွမှုနှုန်းတွေ အထိုက်အလျောက် မြင့် တက် လျက်ရှိပါတယ်။ ဒီလိုမြင့်တက်ရခြင်းဟာ လုပ်ခလစာ မြင့်တက်ခြင်း၊ ငွေကြေးပမာဏမြင့်တက်ခြင်းနဲ့ ဝယ်လိုအားမြင့်တက်ခြင်း တွေကြောင့် မဟုတ်ဘဲ နဲ့ သွင်းကုန်တန်ဖိုးတွက်ချက်ရာမှာ တန်ဖိုးသင့်တဲ့ ငွေလဲလှယ် နှုန်းတွေ မြင့်တက်တဲ့အတွက် သွင်းကုန်တန်ဖိုးတွေ မြင့်တက်ခြင်း၊ ကုန်သွယ်မှု လိုငွေ မြင့်မားလာတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံခြားငွေ လိုအပ်ချက်တွေ များပြား လာရာမှ တစ်ဆင့် ငွေလဲလှယ်နှုန်းတွေ မြင့်တက်လာခြင်းတို့ကြောင့် ကုန်စည် ဈေးနှုန်းတွေ မြင့်တက်ခဲ့ခြင်း၊ စားသုံးသူ ဈေးဆနှုန်းကိန်း Consumer Price Index တွေ မြင့်တက်လာခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတချို့ကတော့ ဒီ ငွေကြေးဖောင်းပွမှု နှုန်း လျှော့ချ တဲ့နေရာမှာ အတိုးနှုန်းမြှင့်တင်တဲ့ နည်းလမ်းကို ဆောင်ရွက်မယ် ဆို လို့ရှိရင် နိုင်ငံအနေနဲ့ Macro စီးပွားရေးအခြေခံအားနည်းတဲ့အတွက် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ခုနပြောတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ကတော့ အတိုးနှုန်းမြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်း မရှိပါဘူး။ မြန်မာနိုင်ငံမှာလည်း ထိုနည်းတူစွာပဲ စီးပွားရေးတိုးတက်ဖို့ကို တွန်းအား ပေးဆောင်ရွက်ဖို့လိုအပ်တဲ့အတွက်ကြောင့်မို့လို့ ဒီ အတိုးနှုန်း မြှင့်တင် ခြင်းကို ဆောင်ရွက်ခြင်း မပြုခဲ့ပါဘူး။ သို့သော်လည်းပဲ နိုင်ငံရေး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု Macro စီးပွားရေး အခြေအနေများ အပေါ် မူ တည် ပြီးတော့မှ မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့ စဉ်ဆက်မပြတ် စောင့်ကြပ် ကြည့်ရှု ပြီးတော့မှ အတိုးနှုန်းပြင်ဆင်ခြင်းကို လိုအပ်သလို ဆောင်ရွက်သွား ဖို့ရှိ ပါတယ်”ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ ဗဟိုဘဏ်က လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုမှ တစ်ဆင့် ကုန်စည်ဈေးနှုန်းတွေ မြင့်တက်ခြင်း မဖြစ်ပေါ်စေရန် ဆောင်ရွက် နေပြီး ဒေါ်လာစျေးနှုန်း ကျဆင်းစေရန် လုပ်ဆောင် မည်ဖြစ်ကြောင်း ပြောဆိုသည်။
“စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လိုင်စင်ချထားပေးပြီးဖြစ် တဲ့ ကုန်စည်တင်သွင်းသူများအနေနဲ့ ပြည်ပသို့ ငွေပေးချေတဲ့နေရာမှာ လိုအပ်တဲ့ နိုင်ငံခြားငွေ ရရှိရေးအတွက်ကို ဗဟိုဘဏ်ကနေ စီစဉ်ဆောင် ရွက်ပေးခြင်းပဲ ဖြစ်ပါတယ်။ လိုအပ်လို့ရှိရင် ဒါ့အပြင် လိုအပ်တယ်ဆိုရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ စားသုံးဆီနဲ့ သွင်းကုန်လုပ်ငန်း တွေကို လည်း အမေရိကန်ဒေါ်လာ ရောင်းချပေးတာ ၊ Back to Back Swift facility နဲ့ အသုံးပြုပြီးတော့မှ အမေရိကန်ဒေါ်လာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး တာဆောင်ရွက်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ငွေလဲနှုန်းတည်ငြိမ်ရေး ကို လိုအပ်သလို ဆောင်ရွက်ပေးပြီးတော့ ထိန်းကျောင်းပေးလျက်ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ပို့ကုန်သွင်းကုန် စီးပွားရေးသမားများက ဗဟိုဘဏ်က အမေရိကန်ဒေါ်လာကို လိုအပ်သလောက် ရောင်းချပေးခြင်းမရှိသည့်အပြင် သွင်းကုန်လိုင်စင်များကို လည်း ချမပေးဘဲ ခက်ခဲအောင် ပြုလုပ်ထားသဖြင့် လုပ်ငန်းများ ရပ်ဆိုင်း နေ ကြောင်း သုံးသပ်ပြောဆိုကြသည်။
ဓာတ်ပုံ- စစ်ကောင်စီ ဗဟိုဘဏ်။
Photo- Reuters