ရန်ကုန်၊ မေ ၂၈
မကွေးတိုင်း၊ ဆောမြို့နယ် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ရွာပေါင်း ၁၀ ခုမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယောအလင်းတန်း အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ မေလ ၂၈ ရက်နေ့တွင် ဆောမြို့နယ်၊ ကံကြီးကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနှင့် ကျောက်ထုမြို့ အခြေစိုက် အမတ ၃၆၈ တပ်မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ ပူးပေါင်းစစ်ကြောင်းက ဆောမြို့တောင်ဘက်ကို ဦးတည် ဝင်ရောက်လာ၍ ကျေးရွာ ၁၀ ခုမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရှိရသည်။
လက်ရှိချိန်တွင် ရင့်ရဲကျေးရွာ၊ ကြန်တောကျေးရွာ၊ ရေရှင်ကျေးရွာ၊ တောင့်ထက်ကျေးရွာ၊ ပြင်လယ်လယ်ကြီးအိုင်ကျေးရွာ၊ ကျောက်စစ်ကျေးရွာ၊ ကံချောင်းကျေးရွာ၊ ခူးချောင်းကျေးရွာ၊ အညာကတင်းကျေးရွာနှင့် အကြည်ကတင်းကျေးရွာတို့မှ ပြည်သူများသည် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရှိရသည်။
“ဆောနဲ့ ကျောက်ထု လမ်းပိုင်းမှာရှိတဲ့ ရွာတွေ အားလုံးနီးပါး စစ်ဘေးရှောင်နေရပါတယ်။ အားလုံးပါပဲ။ စစ်ခွေး အင်အား ၃၀၀ ဝန်းကျင်ပါ။ ကားတစ်စီးပါပါတယ်။ စစ်ခွေး စစ်ကြောင်းကြောင့် ၁၀ ရွာထက်မနည်း ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတယ်။ ရင့်ရဲ ကျေးရွာ၊ ကြန်တောကျေးရွာ၊ ရေရှင်ကျေးရွာ၊ တောင့်ထက်ကျေးရွာ၊ ပြင်လယ် လယ်ကြီးအိုင်ကျေးရွာ၊ ကျောက်စစ်ကျေးရွာ၊ ကံချောင်းကျေးရွာ၊ ခူးချောင်းကျေးရွာ၊ အညာကတင်းကျေးရွာ၊ အကြည်ကတင်းကျေးရွာတို့ဖြစ်တယ် ထွက်ပြေး တိမ်ရှောင်းနေရတာ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရတာပါတယ်။ ပြည်သူတွေ ဖမ်းဆီးတာမျိုးတော့ မသိရသေးဘူ။ စစ်ခွေး နေအိမ် မီးရှို့တာမျိုးလည်း မသိရသေးဘူး။ လက်ရှိမှာ အခုက ဆောမြို့ကို မရောက်သေးဘူး။ ကျောက်ထုနဲ့ဆောကြားကရွာဖြစ်တဲ့ ကံချောင်းကျေးရွာနားမှာပါ “ဟု ယောအလင်းတန်းမှ တာဝန်ရှိသူကပြောဆိုသည်။
လက်ရှိတွင် ဆော-ကျောက်ထုလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူလူထုအနေဖြင့် လက်နက်ကြီး၊ လက်နက်ငယ်အန္တရာယ်များနှင့် စစ်ကောင်စီ (စကစ) ၏ စစ်ကြောင်းထိုးမှုအန္တရာယ်များကို အထူးဂရုပြုကာ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် ယောအလင်းတန်း အဖွဲ့က အသိပေးနှိုးဆော်ထားသည်။
အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် မိုင်းထိပြီး ဆုတ်ခွာသွားသော စစ်ကြောင်းက ပေါက်မြို့နယ်ဘက်ကို ထပ်မံ စစ်ကြောင်းထိုးလာကြောင်း ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၆ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ထွက်လာသော စစ်တပ် ရှေ့ပြေးစစ်ကြောင်းသည် ချောင်းဆုံလမ်းခွဲအနီး တော်လှန်ရေးရဲဘော်များ ထောင်ထားသော မိုင်း ၆ လုံး နင်းမိပြီး စစ်သား ၁ ဦး သေဆုံးပြီးနောက် စစ်ကြောင်းသည် ကပစ ၂၂ သို့ ဆုတ်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ မေလ ၂၈ ရက်နေ့တွင်လည်း ထိုစစ်ကြောင်းသည် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ အင်အား ၁၀၀ ကျော်ဖြင့် ထပ်မံ ထွက်ခွာလာပြီး ချောင်းဆုံလမ်းခွဲအနီးတွင် ပေါက်မြို့နယ် အတွင်း ဦးတည်၍ ဒရုန်းများဖြင့် ကင်းထောက်ခြင်းများ လုပ်ဆောင်နေကြောင်း၊ လက်ရှိချိန်တွင် ပေါက်မြို့နယ်ရှိ သေပြေရေကျေးရွာ၊ ချက်ကန်ကျေးရွာမှ ပြည်သူ ၃၀၀ နီးပါ ဘေးလွတ်ရာကိုထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရှိရသည်။
“ဒီနေ့ ကပစ ၂၂ ကထွက်တယ် မြောက်ကိုလည်း ထွက်တယ်။ စစ်ခွေး စစ်ကြောင်း ချောင်းဆုံ လမ်းသစ်တောင်ဘက်နား မေလ ၂၆ ရက်နေ့ မိုင်းမိသွားလို့ ပြန်ဆုတ်သွားတာ မနေ့က အစည်းအဝေးလုပ်ပြီး ဒီနေ့ မှ ပြန်ထွက်လာတာ။ ဒီနေ့ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်းက ပေါက်မြို့ပေါ်ရှိ ကပစ ၂၄ ကိုသွားမယ် သွားပြီးရင် ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ်တို့ကို စစ်ကြောင်းထိုးမှာပါ။ တိမ်းရှောင်နေရတဲ့ ကျေးရွာကတော့ ချက်ကန်ကျေးရွာကတော့ စပြီးတော့ သပြေရေ ကျေးရွာကတော့ ကြာပါပြီ ဝင်လို့ကို မရဘူး။ ခဏ ခဏ စစ်ခွေးကြောင်းကလာနေတာကို ၂၆ ရက်နေ့ မှ ထွက်လာတာ ညနေပိုင်းမှာ မိုင်းမိတယ်။ ညပိုင်းမှာလည်း မိတယ်။ နံနက်ပိုင်းမှာလည်း မိတယ်။ စစ်ခွေး ၅ကောင်ခန့်မိကာမှာ ၃ကောင်ခြေပြတ် ၁ကောင်တယ်။ ကျန်တဲ့သူတွေလည်း ထိခိုက်ဒဏ်ရာရတာရှိတယ်။ နင်းမိုင်းမိတာပေါ့။ဒီနေ့ ထွက်လာတဲ့ စစ်ခွေးတွေ ပေါက်မြို့နယ်နှင့်မြိုင်မြို့နယ်ဘက်ကို ဦးတည်ပြီးသွားမှာ စစ်ခွေး စစ်ကြောင်း ကျေးရွာ ၂ရွာမှာ ပြည်သူ ၃၀၀လောက် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ နေအိမ်တွေကို မီးရှို့တာမျိုးမရှိဘူး။ ပြည်သူတွေ ဖမ်းဆီးတာမျိုးမရှိပါဘူး”ဟု ဆိပ်ဖြူပြောက်ကျား တစ်ကိုယ်တော် ကျားဇိုးကပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်း ညအချိန် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)




