ရန်ကုန်၊ မေ ၂၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး နေအိမ် အများအပြား မီးလောင်ပြာကျကာ စစ်ကြောင်းက ပြည်သူ ၁၀ ဦးထက်မနည်း သတ်ဖြတ်ထားပြီး ကျေးရွာ ၁၀ ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၈ ရက်နေ့ ညနေပိုင်းမှစတင်ပြီး မြစ်ခြေမြို့ပေါ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့သစ်ရပ်ကွက်မှ နေအိမ်များကို ယခုချိန်ထိ မီးရှို့ဖျက်ဆီးနေပြီး နေအိမ်အများအပြား မီးလောင်ပြာကျနိုင်ကြောင်း၊ ထို့ပြင် မြို့ပေါ် နေအိမ်များကို မီးဝင်ငြိမ်းရန် သွားရောက်သည့် ပြည်သူများကိုလည်း စစ်တပ်က သေနတ်ဖြင့် လိုက်လံ ပစ်ခတ်နေကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် မေလ ၉ ရက်နေ့မှ စတင်ပြီး ပခုက္ကူမြို့နယ်၊ အောင်သာရွာမှ ပျူစောထီးများနှင့် တပ်မ ၁၀၁ မှ စစ်သားများ ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် မြစ်ခြေမြို့ကို ဦးတည် စစ်ကြောင်းထိုးလာကာ လမ်းတောက်လျောက်ရှိ ပြည်သူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် လက်ပန်ကျွန်းရွာ ၊ ကူကျွန်းရွာ၊ နံဂါတ်အရှေ့ရွာ၊ နံဂါတ်အနောက်ရွာ၊ ဥယာဥ်ရွာ၊ ညောင်ပင်ရွာ၊ အင်းဝိုင်းရွာ၊ မိုးနတ်ကုန်းရွာ၊ ဆွဲကြီးရွာနှင့် ထနောင်းကုန်းရွာ တို့မှ နေအိမ် အများအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“အခု မီးဝင်ငြိမ်းမို့ သွားကြည့်တာကို စစ်ခွေးတွေက သေနတ်နဲ့ လိုက်ပစ်လို့ အကုန်ပြန်ပြေးခဲ့ရတယ်။ အခုစစ်ခွေး အင်အားက ၅၀၀ လောက်ရှိတယ်။ ညောင်ဦးဘက်ကလာတဲ့ စစ်ခွေးတွေက ပြန်သွားတယ်။ အခုလက်ရှိ ကျန်နေတာက ပခုက္ကူ ၁၀၁ ကလာတဲ့ စစ်ခွေးတွေနဲ့ အောင်သာရွာက ပျူစောထီးတွေ ကျန်နေတာ မြစ်ခြေမြို့ထဲ နေရာတော်တော်များမှာ စစ်ခွေးတွေ ကင်းပုန်းဝပ်ထားတယ်။ စစ်ခွေးတွေ မီးရှို့နေတာ နေအိမ် တော်တော်များ မီးလောင်ပျက်စီးနိုင်တယ်။ အခုထိရှို့နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် မြစ်ခြေမြို့ပေါ်မှ ပြည်သူများ အပါအဝင် အနီးတဝိုက် ကျေးရွာများမှ ပြည်သူ ၂၀၀၀၀ ခန့်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၁၄ ရက်ကျော်ကြာမြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာများနှင့် မိုးကာများ လိုအပ်နေကြောင်း သိရသည်။





