25 C
Yangon

စစ်တပ် လက်အောက်တွင် တာဝန် မထမ်းဆောင်လိုသော​ကြောင့် ၄ လတာအတွင်း ထွက်ပြေးလာသော စစ်သား ၅၀၀ နီးပါးရှိကြောင်း ဦးမန်းဝင်းခိုင်သန်း ပြောဆို

Must read

စစ်တပ် လက်အောက်တွင် တာဝန် မထမ်းဆောင်လိုသော​ကြောင့် ၄ လတာအတွင်း ထွက်ပြေးလာသော စစ်သား ၅၀၀ နီးပါးရှိကြောင်း ဦးမန်းဝင်းခိုင်သန်း ပြောဆို

ရန်ကုန်၊ သြဂုတ် ၂၃

အကြမ်းဖက် စစ်တပ် လက်အောက်တွင် တာဝန် မထမ်းဆောင်လိုသော​ကြောင့် ၄ လတာအတွင်း ထွက်ပြေးလာသော စစ်သား ၅၀၀ နီးပါးရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ပြောဆိုသည်။

အဆိုပါ ပြောကြားချက်ကို ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ၏ ၂၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ ဆက်လက် တာဝန် မထမ်းဆောင်လိုတော့လို့ ထွက်ပြေးလာကြတဲ့ တပ်မတော်သား တွေလည်း ဩဂုတ်တစ်လတည်းမှာကို ၅၀ ကျော်ရှိပြီး ဧပြီလကနေ ဇူလိုင်လအထိ ၄ လ အတွင်းမှာဆိုရင် စာရင်းအရ ဒုရင်းမှူးအဆင့် ဗိုလ်မှူး ၁ ဦးအပါအဝင် ခန့်မှန်း ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ ဒါဟာ ကျွန်တော်တို့ကို ချိတ်ဆက်လာတဲ့ အရေအတွက်ပဲ ဖြစ်ပြီး မချိတ်လာကြသေးတာလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

လက်ရှိချိန်တွင် ဘက်ပေါင်းစုံက ပြိုလဲနေတဲ့ အကြမ်းဖက် စစ်ကောင်စီက Non CDM ဝန်ထမ်းများ အားလုံးကို စစ်တပ်၏ အရန်အင်အားအဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းတာဝန်ပေးဖို့ ညွှန်ကြားရသည်အထိ ပြိုလဲနေပြီဖြစ်​ကြောင်း၊ တော်လှန်ရေးသည် ပြည်သူ့အင်အားဖြင့် ရုန်းကန် တိုက်ပွဲဝင်လာသည်မှာ လက်ရှိချိန်တွင် အောင်မြင်မှု ပန်းတိုင်သည် အတော်နီးနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဝန်ကြီးဌာန တစ်ခုချင်းစီသည် စစ်ကောင်စီကို ဘက်ပေါင်းစုံမှ အလဲထိုးပစ်ပြီး ပြိုလဲအောင် လုပ်နိုင်သည့် အခွင့်အရေးများ ရှိနေပြီး သက်ဆိုင်ရာ ဌာနအလိုက် လုပ်သင့်လုပ်ထိုက်သည့် အကောင်းဆုံးသော တန်ပြန်တိုက်ခိုက်မှုများအတွက် ကြိုးစား လုပ်ဆောင်ပေးကြရန် ထပ်မံ တိုက်တွန်းလိုကြောင်း၊ ဘဏ္ဍာရေးတိုက်ပွဲဘက်တွင် အရှိန်ပြင်းပြင်းနှင့် စစ်ကောင်စီကို အလဲထိုးနိုင်ရန် ဘက်စုံက ကြိုးပမ်းနေကြသည်မှာ အားရစရာ အလွန်ကောင်းကြောင်း၊ လူထုတိုက်ပွဲ ဖော်ဆောင်နေကြသည့် သပိတ်အင်အားစုများ ဘက်ကလည်း အားကြိုးမာန်တက် ပူးပေါင်း ဆောင်ရွက် နေကြသည့်အတွက် တော်လှန်ရေးအင်အားစုများ အားလုံးကို အထူးပဲ ကျေးဇူးတင်မိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက ပြောဆိုသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာသည်များကို ပြန် လည်ရှင်းလင်း ဆွေးနွေးပြီး ယာယီသမ္မတက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article