ရန်ကုန်၊ မတ် ၁၆
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စစ်တပ်က ပြည်သူ ၃ဦးကို ပစ်သတ်ကာ ဘန့်ဘွေးထန်းဇင်ရွာကို ယနေ့ မတ်လ ၁၆ရက်နေ့ မွန်းလွဲ ၁၂နာရီခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဘန်ဘွေးရွာမတွင် ရက်၂၀ ကျော်ကြာ တပ်စွဲထားပြီး ဘန့်ဘွေးထန်းဇင် ရွာက အမျိုးသား ၁ဦး၊ လက်ပန် ရွာက အမျိုးသား ၁ဦးနှင့် ကွေ့ချောင်းကျေးရွာမှ အမျိုးသမီး ၁ဦးတို့ကို မတ်လ ၁၅ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး စစ်တပ်က ကျေးရွာများအတွင်း လှည့်ပတ်သွားလာနေခြင်းကြောင့် သေဆုံးသူများ၏ အမည်များနှင့် မည်သူဖြစ်သည်ကို အတည်မပြုနိုင်သေး ကြောင်း သိရသည်။
ယင်းသို့ ပြည်သူ ၃ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီးနောက် ယနေ့ မတ်လ ၁၆ရက်နေ့တွင် စစ်တပ်က ဘန့်ဘွေးထန်းဇင်ရွာကို ဝင်ရောက် စီးနင်းကာ ပြည်သူပိုင် နေအိမ်များ နွား ၄ ကောင်၊ မြင်း ၁ ကောင်၊ ဝက် ၅ ကောင်၊ နွားစာစင်စက် ၁ လုံး၊ ဆိုက်တွဲ ၁ စီးနှင့် မီးစက် ဒိုင်နမို တွဲ ၁ လုံးတို့ကို မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
” စစ်တပ်က ရွာလုံးကျွတ် နီးပါးကို မီးရှို့ဖျက်ဆီးသွားတာ သူတို့ ခိုးယူ လုယက်သွားတာတွေလည်းရှိတယ်။ ရွာသားတချို့လောက်ပဲ ရွာထဲပြန်ဝင်သေးတော့ ပျက်ဆီးဆုံးရှုံးမှု အခြေအနေတော့ အသေးစိတ် မသိရသေးဘူး။ ဆုံးရှုံးတာတော့ ရွာလုံးကျွတ် နီးပါးကို ပြာကျသွားတာ” ဟု ဒေသခံပြည်သူ ၁ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကုလားလူးရွာနှင့် ရှားလွင်ရွာတို့ကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ကျေးရွာထဲရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကာ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ပြည်သူများ ထိခိုက်မှုအခြေအနေနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။