29 C
Yangon

ရေဦးတွင် ကျေးရွာ ၅၁ ရွာမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ

Must read

ရေဦးတွင် ကျေးရွာ ၅၁ ရွာမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေ

ရန်ကုန်၊ သြဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ကျေးရွာ ၅၁ ရွာမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀၀၀ ကျော် အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ရေဦးမြို့နယ် စစ်ရှောင် ပြည်သူ့ထောက်ပံ့ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရေဦးမြို့နယ်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၂၀၂၃ ခုနှစ် မေလ ၄ ရက်နေ့ အထိ အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် ကျေးရွာ ၅၁ ရွာမှ နေအိမ် ၃၄၂၉ လုံး မီးလောင်ပြာကျခဲ့ပြီး ယင်းစာရင်းတွင် လူနေအိမ်များသာ ပါဝင်ပြီး စာသင်ကျောင်း၊ မီးဖိုဆောင်၊ နွားတဲ၊ စျေးဆိုင်၊ စတိုဆောင်၊ အလုပ်ရုံ အပါအဝင် ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းများ မပါဝင်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၅၁ ရွာမှ ပြည်သူ ၂၀၀၀၀ ကျော်သည် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ မြို့နယ်အတွင်း ဝင်ရောက်လာလျှင် ပုံမှန်စစ်ဘေးတိမ်းရှောင်နေရသည့် ကျေးရွာ ၁၀ ရွာကျော်ရှိပြီး လူဦးရေ သောင်းနှင့်ချီကာ ပုံမှန် စစ်ဘေး တိမ်းရှောင်ရကြောင်း သိရှိရသည်။

” ရေဦးမြို့နယ်မှာ မီးဘေးသင့် ပြည်သူပေါင်း ၂၀၀၀၀ ကျော်ရှိထားတယ်။ မြို့နယ်လူသားစာနာနဲ့ အခြားသောအဖွဲ့တွေက ကူညီပေးပေမယ့် ၅၁ရွာလုံးက အလုံ အလောက် ကူညီမှု မရရှိကြသေးဘူး။ မီးဘေးသင့်ပြည်သူ ၂၀၀၀၀ ကျော်ထဲကမှ တချို့မီးဘေးသင့်ပြည်သူတွေဟာ ရွာတွေထဲမနေကြတော့ဘဲ တခြားမြို့ရွာတွေပါ တိမ်းရှောင် နေကြရသလို ကျေးရွာကို သံယောဇဥ်ဖြစ်လို့ မခွဲနိုင်တဲ့ ပြည်သူက အိမ်တွေ ပြန်မဆောက်နိုင်သေးလို့ ယာယီတဲလေးတွေ ထိုးပြီူ မိုးမလုံလေမလုံ နေထိုင်နေကြရတယ်။ လက်ရှိက နေရပ် မပြန်နိုင်သေးတဲ့ ပြည်သူတွေလဲ ရှိသလို လက်ရှိရွာမှာ နေထိုင်ပြီး ကူညီမှုမရကြသေးတဲ့ လူတွေလည်းရှိတယ်။ မီးဘေးသင့် ၅၁ ရွာက မီးဘေးသင့်ပြည်သူတွေ အတွက် စားနပ်ရိက္ခာက ပိုပြီး အရေးကြီးသလို ပြန်လည်ထူထောင်နိုင်ရေးအတွက် ကူညီပေးကြ ာဖို့လည်း မေတ္တာရပ်ခံထားပါတယ်” ဟု ရေဦးမြို့နယ် စစ်ရှောင် ပြည်သူ့ထောက်ပံ့ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က နေအိမ်အများဆုံး မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများမှာ ချမ်းသာရွာရှိ နေအိမ် ၅၀၀ ကျော်၊ တင်းတိန်ရံရွာရှိ နေအိမ် ၂၄၆ လုံး၊ ရွာမိဿာရွာရှိ နေအိမ် ၄၅၂ လုံးနှင့် ကုန်းသာရွာရှိ နေအိမ် ၂၅၈ လုံး တို့ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article