ရန်ကုန်၊ မတ် ၁၆
စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်တွင် ယမန်နေ့ ညနေပိုင်း လက်နက်မဲ့နေသော CNDF ရဲဘော်ဗန်ဒိန်း အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို စစ်တပ်က ပစ်သတ်လိုက်မှုကို မကြာမီ လက်တုံ့ပြန်မည်ဖြစ်ကြောင်း CNDF စစ်ဦးစီးက ပြောဆိုလိုက်သည်။
ယမန်နေ့ အကြမ်းဖက်စစ်ကောင်စီက ကလေးအကျဉ်းထောင်တွင် အချုပ်သား ဗန်ဒိန်း၊ အကျဉ်းသား မျိုးမင်းထွန်း၊ အချုပ်သား ဝင်းကိုနိုင်၊ အချုပ်သား မောင်ညီ၊ အချုပ်သား ချမ်းမင်းကို၊ အချုပ်သား တူးခိုင်၊ အချုပ်သား ညွှန့်ဝင်းအောင်(ခ) မျိုးဝင်းအောင်တို့ကို လွတ်မြောက်ရန် ကြိုးစား၍ ပစ်သတ်လိုက်သည်ဟု စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
CNDF စစ်ဦးစီးက ၎င်းအနေဖြင့် ရဲဘော်များ အကျဉ်းထောင်တွင် လက်နက်မဲ့နေချိန် ပစ်သတ်ခံရမှုအတွက် စစ်တပ်အနေဖြင့် ပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး ပြင်ဆင်ထားရန်လည်း သတိပေးလိုက်သည်။
“ခင်ဗျားတို့ မနေ့က မတရားပစ်သတ်လိုက်တဲ့ ကျနော်တို့ညီအစ်ကိုအတွက် ဂလဲ့စားချေဖို့ ပြင်ထားတယ်။ တပ်မ ၂၂ က ဗျူဟာမှူးနဲ့ စစ်ကြောင်းမှူးတွေကို တစ်ချက် ပြန်မေးကြည့်လိုက်။ ဟိုတစ်ခေါက် ကျနော်တို့ ညမှာ သူတို့ အကုန်လုံးကို ပစ်သတ်လို့ရတယ်။ ကျနော်တို့ လုပ်လို့ရတဲ့အခြေအနေမှာ ပြည်သူကို ငဲ့ညှာသောအားဖြင့် သူတို့အနားအထိ ကျနော်တို့သွားပေမယ့် သူတို့ အောက်မှာ သတိလက်လွတ် အိပ်နေတဲ့အချိန်မှာ ကျနော်တို့ မပစ်ဘဲနဲ့ ယောင်္ကျားအချင်းချင်း သေနတ်အချင်းချင်းတိုင်္ကမယ်ဆိုပြီးတော့ ကျနော်တို့ ပြန်ဆုတ်ခဲ့ကြတယ်။ ပြည်သူတွေ ထိခိုက်မှာစိုးလို့ ကျနော်တို့ ပြန်ဆုတ်တယ်။ လက်နက်မရှိတဲ့ အကျဉ်းထောင်ထဲ ရောက်နေတဲ့ PDF ညီအစ်ကိုတွေအားလုံးကို ခင်ဗျားတို့ မနေ့က ပစ်သတ်တယ်။ အဲဒီအတွက် ခင်ဗျားတို့ ပြန်ပေးဆပ်ဖို့ ပြင်ထားကြ။ CNDF စစ်ဦးစီးအဖြစ် ကျနော်က။ ခင်ဗျားတို့ ပြန်ပေးဆပ်ကြဖို့ ပြင်ကြ။ ခင်ဗျားတို့ဆီက စစ်သားတွေ ဖမ်းတဲ့အချိန်မှာ ကျနော်တို့ ကောင်းကောင်းထမင်းကျွေးတယ်။ ကောင်းကောင်းထားတယ်။ ဒီနေ့အထိ မရက်စက်ဘူး။ ကျနော်တို့ ညီအစ်ကိုတွေကို ။ ခင်ဗျားတို့ လုပ်တဲ့အပေါ်မှာ ခင်ဗျားတို့ ပြန်ပေးဆပ်ဖို့ ပြင်ဆင်ကြပါလို့ ကျနော်တို့ ပြောချင်တယ်” ဟု CNDF စစ်ဦးစီးက ပြောဆိုသည်။