ရန်ကုန်၊ မတ် ၁၆
ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ စားသောက်ဆိုင်ထိုင်၍ အရက်သောက်စား မူး ယစ်နေသော စစ်အရာရှိနှင့် သတင်းပေးတစ်ဦးကို ယနေ့ ညနေ ၆ နာရီခန့်တွင် သန်လျင်ဗိုလ်နဂါးအဖွဲ့က ဝင်ရောက် ပစ်ခတ်ပြီး ၂ ဦးလုံး သေဆုံးသွားကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
မတ်လ ၁၆ ရက်နေ့ ညနေ့၆နာရီခန့် သန်လျင်မြို့နယ်အောင်ချမ်းသာရွှေပုံစားအပေါ်ထပ်တွင်စား သောက်နေသော စစ်ကောင်စီသတင်းပေး အဖြစ် နာမည်ကျော်သူ သပြေကန်ရပ်ကွက်မှ ဇင်မင်း(ခ)ဂဏန်း နှင့် ၂ ပွင့်စစ်ဗိုလ်တစ်ဦးကို သောက်စားမူးယစ်နေကြစဉ် သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ကြောင်း ၊ နှစ်ဦးစလုံး သေဆုံးသွားကြောင်း သန်လျင်ဗိုလ်နဂါးအဖွဲ့က အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း သတင်းပေး ဇင်မင်းနှင့် ၂ ပွင့်အရာရှိကို သုတ်သင်လိုက်သည်ဟု သတင်းထုတ်ပြန်ထားသည်။
အလားတူ မတ်လ ၁၆ ရက်နေ့ ည ၇ နာရီ ၁၄ မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊သန်လျင် အမှတ် ၁ တံတားအဆင်း သန်လျင်ဘက်အခြမ်းရှိ စစ်ကောင်စီလုံခြုံရေးဂိတ်ရှိ စစ်ကောင်စီအဖွဲ့ဝင် ၂၀ ဦးကို မြို့ပြပျောက်ကြား Dark shadow (YGN)တပ်ဖွဲ့မှ ထိရောက်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“သတင်းတော့ဖုံးထားပါတယ်။အထိခိုက်ရှိနိုင်ပါတယ်” ဟု Dark Shadow(YGN) အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့ပြင် ယနေ့နံနက် တွင်လည်း Dark Shadowက လမ်းမတော်မြို့နယ် ၊ ကမ်းနားလမ်းထောင့်ရှိ လမ်းမတော်မြို့နယ်လျှပ်စစ်မီတာရုံးအားဖောက်ခွဲတိုက်ခိုက်ရန်လုပ်ဆောင်ခဲ့သော်လည်း ပြည်သူများ ဖြတ်သန်းသွားလာနေ၍ ဖောက်ခွဲမှု မလုပ်တော့ဘဲ ဖျက်သိမ်းလိုက်ကြောင်း ယင်းအဖွဲ့ထံမှ သိရှိရသည်။
အလားတူ ယနေ့ နံနက် ၂ နာရီဝန်းကျင် သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ သန်လျင်မြို့နှင့် ခရမ်းမြို့ကြားရှိ ဖားကူးကျေးရွာ ဖားကူးရဲစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သန်လျင် ပကဖ မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ဖားကူးရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့မှုကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
သန်လျင် ပကဖ က ဖားကူးရဲစခန်းအား လျင်မြန်စွာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သန်လျင် ပကဖက သတင်းထုတ်ပြန်ထားသည်။
လက်ရှိတွင် သန်လျင်တံတား၊ ကုလားဝဲတံတား၊ သန်လျင်နှင့်သာကေတ လမ်းများကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။
အလားတူ ယနေ့မွန်းလွဲပိုင်းတွင် ဒေါပုံမြို့နယ်တွင်လည်း ဗုံးပေါက်ကွဲကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပစ်ခတ်ခံရသော သန်လျင်တံတားအဆင်း လုံခြုံရေး ဂိတ်။