ဝက်လက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိဒ္ဓိရှင် (တိုက်နယ်) ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၃၀ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ လှတောကျေးရွာနှင့် ကျီးကန်ကျေးရွာဘက်မှ လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးသီးကုန်းကျေးရွာကို ဝင်ရောက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် အုန္နဲဘုတ် ကျေးရွာဘက်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာကြောင်း၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဘုန်းဘွဲ့ကျေးရွာဘက်ကို ဆက်လက် ဝင်ရောက်လာပြီး ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ရှိ ဘုန်းဘွဲ့ကျေးရွာအနီးတွင် သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှေ့ထွက်မိုင်း ၂ လုံးပွိုင့် ၂ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲ ခံရသောကြောင့် ထွက်ပြေးလာသည့် စစ်သားများကို ရွှေဒါးကျောင်းဘက်တွင် အသင့်ထောင်ထားသော တိုက်မိုင်း ၂ ပွိုင့်ဖြင့် ထပ်မံ မိုင်းဆွဲခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင်ရွှေဒါးကျောင်းအနီး အသင့်ထောင်ထားသော ရှေ့ထွက်မိုင်း ၁ ပွိုင့်ဖြင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက်ငယ်များဖြင့် ၃ မိနစ်ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ သတ်ကွင်းထဲမဝင်လို့ သိပ်တော့ အားမရဘူး။ နောက်ပြီး မိုးကလဲရွာတော့ ပြောက်ကျားလှုပ်ရှားဖို့ အခွင့်မရသလိုဖြစ်သွားတာ ဒီစစ်ကြောင်းကိုတော်တော် တိုက်ခိုက်ခြင်းတာ အားမရဘူး။ ဒီထက်အများကြီးလုပ်ချင်တာ” ဟု သိဒ္ဓိရှင် (တိုက်နယ်) ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို သိဒ္ဓိရှင် (တိုက်နယ်) ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးဆောင်ပြီး မဟာမိတ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ၇ ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
