35 C
Yangon

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ဌာနချုပ်စခန်းကို CDF – ကန်ပက်လက် ယာယီစွန့်ခွာ၊ အနီးဝန်းကျင် ကျေးရွာ ၁၂ ရွာခန့်မှ ပြည်သူ ၃,၀၀၀ ခန့် စစ်ဘေးရှောင်နေပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

Must read

ရန်ကုန်၊ မတ် ၁၇

မတ်လ ၁၁ ရက်နေ့မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ်၊ စမ္မသားကျေးရွာဝန်းကျင်ရှိ CDF – ကန်ပက်လက်ဌာနချုပ်ဘက်သို့ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာမှုကြောင့် CDF – ကန်ပက်လက်တပ်ဖွဲ့များ ဌာနချုပ်ကို ယာယီစွန့်ခွာခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့များက ဆက်လက်ထိုးစစ်ဆင်နေပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံ ရွာသား ၃၀၀၀ ခန့် တောတောင်တွင်း ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများအရေးပေါ် လိုအပ်နေကြောင်း သိရှိရသည်။

အင်အား ၂၀၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မတ်လ ၁၁ ရက်မှ စတင်ကာ ကန်ပက်လက်မြို့မှ တဆင့် ထိုးစစ်ဆင်လာခဲ့မှုကြောင့် မတ်လ ၁၁ ရက်၊ ၁၃ ရက်နှင့် ၁၅ ရက်များတွင် CDF ကန်ပက်လက်၊ မဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် CDF – ကန်ပက်လက်ဌာနချုပ်အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားကြောင်း CDF – ကန်ပက်လက် ထံမှ သိရှိရသည်။

“စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ကျနော်တို့ CDF – ကန်ပက်လက် ဌာနချုပ်ကို ယာယီစွန့်ခွာလိုက်ရတဲ့ သဘောပေါ့၊ အဲဒီ ဌာနချုပ် ဝန်းကျင် စမ္မသားရွာ အနီးဝန်းကျင် ၄ နေရာလောက်မှာ စစ်ကောင်စီတပ်တွေ နေရာယူတပ်စွဲထားတယ်” ဟု CDF – ကန်ပက်လက် ဒု-တပ်မဟာမှူး ဆလိုင်းအောင်လိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် CDF – ကန်ပက်လက် ဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းနှင့် ကျောက်ထု အခြေစိုက် အမြှောက်တပ်များမှ လက်နက်ကြီးပစ်ကူများ တရစပ် ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် လက်နက်ကြီးများဖြင့် ဆက်လက် ရမ်းသန်းပစ်ခတ်နေခြင်းကြောင့် ကျေးရွာပေါင်း ၁၂ ရွာမှ ဒေသခံ ၃,၀၀၀ နီးပါး တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“၁၅ ရက်နေ့ နောက်ပိုင်းမှာတော့ ထိတွေ့တိုက်ပွဲဖြစ်တာ မရှိဘူး၊ ၁၆ ရက်နေ့မှာ မင်းတပ် ၂၇၄ တပ်နဲ့ ကျောက်ထုအမြှောက်တပ်ကနေပြီးတော့ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ရွာတွေထဲကို လက်နက်ကြီးတွေထုတယ် ပြီးတော့ စစ်ကြောင်းဝင်လာတဲ့အခါမှာ ကျေးရွာတွေထဲက ပြည်သူတွေက အဝတ်တထည် ကိုယ်တခုနဲ့ပဲ ပြေးရတာဆိုတော့ သူတို့အတွက် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်၊ အဲဒီပြည်သူတွေက အကုန်လုံးပြေးသွားတာဆိုတော့ သူတို့ကို လိုက်လံရှာဖွေပြီး တစုတစည်းထဲ ထားဖို့ အခက်အခဲဖြစ်နေတယ်၊ လောလောဆယ် မစုစည်းနိုင်သေးဘူး၊ ၁,၀၀၀ လောက်ကိုပဲ စုစည်းထားနိုင်သေးတယ်” ဟု CDF – ကန်ပက်လက် ဒုတိယ တပ်မဟာမှူးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ကန်ပက်လက်မြို့ မြောက်ဘက်ရှိ ရဲလောင်းပန်း၊ ကန်းလောင်း၊ ငုံလောင်း၊ အပြိုင်း၊ ကျော့တော်၊ အမ်ပုံ၊ စမ္မား၊ စံအိမ်နူး၊ ခိတော်၊ မဆွိတွီ၊ ခါးပန်း၊ တုံငယ် အစရှိသည့် ကျေးရွာပေါင်း ၁၂ ရွာမှ ပြည်သူ ၃,၀၀၀ ဝန်းကျင်အတွက် အရေးပေါ် စားနပ်ရိက္ခာများနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေခြင်းဖြစ်သည်။

“စစ်ကောင်စီက လက်နက်ကြီးတွေပစ်၊ စစ်ကြောင်းတွေထိုးတယ်၊ တိုက်ပွဲတွေက တော်တော်လည်း ပြင်းထန်တော့ ရွာတွေက ပြည်သူတွေက ချောင်းစပ်တွေ၊ တောထဲတွေမှာပဲ နေနေရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မသန်စွမ်းတွေ ဒီအတိုင်း တောထဲနေနေရတယ်ပေါ့နော်။ လက်နက်ကြီးတွေက ကျချင်တဲ့နေရာတွေ ကျနေတယ်၊ စစ်ရှောင်တွေက ထမင်း၊ ဟင်းချက်နေတုန်း လက်နက်ကြီး ဘေးနားကျလို့ အကုန် ထပ်ပြေးကြရတာရှိတယ်။ အခု ရက်ကလည်း ကြာလာပြီဆိုတော့ သူတို့အတွက် ဆန်၊ ဆီ၊ ဆား အကုန်လိုအပ်နေတယ်၊ အကုန် ပြတ်လပ်နေပြီ” ဟု ကန်ပက်လက်မြို့နယ် ကြက်ခြေနီအဖွဲ့က ပြောသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် တုံငယ်ကျေးရွာမှ တဆင့် ကန်ပက်လက်မြို့ အနောက်မြောက်ဘက်ရှိ လှလောင်းပန်းကျေးရွာဘက်သို့ ဆက်လက် ထိုးစစ်ဆင်နေကြောင်း CDF – ကန်ပက်လက်ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article