မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ်များ အပါအဝင် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို မြို့အဝင် စစ်တပ် စစ်ရေးဂိတ်မှ စစ်ကြောင်းက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ လယ်ဇင်ကျေးရွာကို ဦးတည် ပစ်ခတ်သည့် လက်နက်ကြီးများသည် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ထိခိုက်သူ ကလေးသူငယ် လူကြီးများ ရှိနေကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတာမျိုး မဟုတ်ဘဲ လက်နက်ကြီးတွေနဲ့ စစ်တပ်က ၅ ကြိမ်ပစ်ခတ်ပါတယ်။ ကလေးသူငယ်တွေနဲ့ လူကြီးတွေ ထိခိုက်တာမျိုးတွေ ရှိပါတယ်။ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ပါ။ ရွာထဲမှာလည်း ပြည်သူတွေ မနေရဲကြတော့ဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

