ထားဝယ်မြို့ပြင်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ သရက်ချောင်းတွင် စစ်သားများ လိုက်ပါလာသော မြေတင်ကားကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၈
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပြင်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ဥသြစစ်ကြောင်း ထံမှ သိရသည်။
စက်တင်ဘာလ ၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် မောင်မယ်ရှောင်ရွာ အနီးရှိ အကြမ်းဖက် စစ်တပ်၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဥသြစစ်ကြောင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်ရောက် စီးနင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မှုမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော မြေတင်ကားကို မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
စက်တင်ဘာ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ထားဝယ်မှ သရက်ချောင်းဖက်သို့ ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ မြေတင်ကား ၃ စီးကို သင်းကျွန်းရွာနှင့် သရက်နှစ်ခွရွာ အကြားတွင် ကာကွယ်ရေးအဖွဲ့မှကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း ဖိုးသောကြာ ကျောက်မိုင်းလုပ်ငန်းမှ ယာဥ်မောင်း ၁ ဦးနှင့် စစ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်က လူနာတင်ယာဥ်နှင့် ထားဝယ်ဘက်ကို ပြန်သယ်ယူသွားပြီး တပ်နယ်ဆေးရုံ၌ ဆေးကုသမှု ခံယူ နေကြောင်း သိရသည်။
