ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် ၁ လတာ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများအတွင်း စစ်သား ၃၁ ဦးသေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွင် ၁ လတာ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများအတွင်း စစ်သား ၃၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို က ထုတ်ပြန်ထားသည်။
သြဂုတ်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၇ ရက်နေ့ အထိ ကော့ကရိတ် – မြဝတီ အာရှလမ်းပိုင်းတွင် မိုးကြီး၍ မြေပြိုကာ လမ်းပိုင်းများ ပျက်စီးပြီးနောက် အကြမ်းဖက် စစ်တပ်က လမ်းများကို တံတားထိုးကာ ပြန်လည် ပြုပြင်ရေးကို အကြောင်းပြ၍ နယ်မြေလုံခြုံရေး လှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လမ်းပိုင်းတွင် လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို KNU – တပ်မဟာ ၆ ၊ KNLA တပ်ရင်း ၁၈ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားနည်းဖြင့် လည်းကောင်း၊ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှု အဖြင့် သော်လည်းကောင်း ၁၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၃၁ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရပြီး စစ်သုံးကား ၇ စီးကို ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲများအတွင်း KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ ရဲဘော် ၄ ဦးမှာ ကျဆုံးခဲ့ကြောင်း သိရသည်။
ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးသည် အကြမ်းဖက် စစ်ကောင်စီ၏ စီးပွားရေးအရ သော်လည်းကောင်း တပ်ပိုင်းဆိုင်ရာ ပို့ဆောင်ဆက်သွယ်ရေးအရ သော်လည်းကောင်း အဓိကကျ အရေးပါသည့် ထောက်တိုင်ကြီး တစ်တိုင်ဖြစ်ကြောင်း၊ စစ်ကောင်စီသည် ၎င်းတို့၏ အုပ်ချုပ်မှုယန္တရားများ တည်တံ့ခိုင်မြဲရေးအတွက် ထောက်တိုင်ဖြစ်သော ၎င်းလမ်းမကြီးကို နေ့စဥ်နှင့်အမျှ ပြန်လည်ကြိုးစား ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။
ထို့ကြောင့် ယင်းလမ်းမကြီးကို အမှီပြုကာ မိသားစုဝမ်းရေးအတွက် သော်လည်းကောင်း စီးပွားရေးအရ သော်လည်းကောင်း သွားလာလှုပ်ရှားနေသည့် ပြည်သူလုထုများအနေဖြင့် ဖြစ်စဥ်များကို သိရှိနားလည်နိုင်စေပြီး စစ်ကောင်စီ၏ အသက်သွေးကြောဖြစ်သော ယန္တရားများကို ဆန့်ကျင်ကာ KNU – ကရင်အမျိုးသား အစည်းအရုံးနှင့်အတူ ပူးပေါင်း ပါဝင်ပေးဖို့ရန်လည်း လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။