23 C
Yangon

စက်သုံးဆီစျေးများ မြင့်တက်ပြီး ဆီတင်သွင်းရန် ဒေါ်လာလိုအပ်ချက် များပြား လာချိန် ဆီတင်သွင်းလိုသည့် ပုံစံ ကုမ္ပဏီများထံမှ သဘောထားမှတ်ချက် တောင်းခံ

Must read

စက်သုံးဆီစျေးများ မြင့်တက်ပြီး ဆီတင်သွင်းရန် ဒေါ်လာလိုအပ်ချက် များပြား လာချိန် ဆီတင်သွင်းလိုသည့် ပုံစံ ကုမ္ပဏီများထံမှ သဘောထားမှတ်ချက် တောင်းခံ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်ပြီး ဆီတင်သွင်းရန် ဒေါ်လာ လိုအပ်ချက် များပြားနေချိန်တွင် ကုမ္ပဏီများထံမှ စက်သုံးဆီ တင် သွင်းလိုသည့်ပုံစံကို သဘောထားမှတ်ချက် စစ်တပ်ဘက်က တောင်းခံနေ ကြောင်း သိရှိရ သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းက ဆီတင်သွင်းသည့်ကုမ္ပဏီမျာအားလုံးအနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွက် ထပ်မံ တင်သွင်းရမည့် လိုအပ်သော စက်သုံးဆီများအတွက် တင်သွင်းလိုသည့်ပုံစံနှင့်ပတ်သက်၍ သဘောထား မှတ်ချက် တောင်း ခံ လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆီတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် တင်သွင်းလိုသည့် ပုံစံကို မူရင်း Quota ၏ ရာခိုင်နှုန်းအလိုက် ခွဲဝေမှုကို သဘောတူခြင်း၊ လိုအပ်ဆီအပေါ် အချိုးကျ ခွဲဝေမှုကို သဘောတူခြင်း၊ လိုအပ်ဆီကို ဦးစားပေးအဆင့်အလိုက် ခွဲဝေမှုကို သဘောတူခြင်း၊ မည်သည့်အချက်မဆို သဘောတူခြင်း တို့အနက်မှ သဘော ထားမှတ်ချက်တစ်ခုကို ရွေးချယ်ပေးရမည်ဟု သိရှိရသည်။

“ဒီစာရဲ့သဘောကတော့ ကုမ္ပဏီကြီးတွေကပဲ သူတို့ ဆိုင်တွေ ဆီရရှိရေးပဲ။ တစ်ပိုင်တစ်နိုင်ဆိုင်တွေတော့ နာတာပေါ့” ဟု စက်သုံးဆီလုပ်ငန်းရှင် သတင်း ရင်းမြစ်က ဆိုသည်။

ရန်ကုန်စီးပွားရေးသမားတစ်ဦးကမူ လတ်တလော စစ်ကောင်စီထံတွင် စက်သုံးဆီ အပါအဝင် အရေးကြီးလိုအပ်သော သွင်းကုန်များ တင်သွင်းရန် ဒေါ်လာ လိုအပ်ချက် ကြီးမားစွာရှိနေကြောင်း၊ ဒေါ်လာလိုအပ်ချက်ကြောင့် စျေးနှုန်းများမြင့်တက်လာခြင်းကို ရှောင်လွဲရန် ဖမ်းဆီး အရေးယူမှုများ ဆက်တိုက် လုပ်ဆောင်ခြင်းဖြင့် စျေးကွက်တစ်ခုလုံးကို ထိန်းချုပ် ချုပ်ကိုင် ထားကြောင်း၊ စစ်ကောင်စီက စက်သုံးဆီ စျေးနှုန်းနှင့် ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်ရန် ကြိုးပမ်းနေသော်လည်း ၎င်း၏ လက်ထဲတွင် သွင်းကုန်များ တင်သွင်းရန် ဒေါ်လာ ၃ လစာဝန်းကျင်သာရှိသဖြင့် ရေရှည်တွင် သွင်းကုန် များ၏ စျေးနှုန်းများကို ထိန်းချုပ်ထားရန် အလွန်ခက်ခဲကြောင်း ပြောဆိုသည်။

“NLD အစိုးရလက်ထက်တုန်းက ကိုယ့်မယ် ဒေါ်လာရှိရင် စက်သုံးဆီသွင်းတာ ကြိုက်သလောက် သွင်း၊ ကြိုက်သလိုရောင်း။ အပြိုင်အဆိုင် ကုမ္ပဏီတွေက တင်သွင်းရောင်းခွင့်ရခဲ့တယ်။ အခုက စကစက သူ့မှာ ဒေါ်လာ နည်းလာတာ၊ ပိတ်ဆို့ခံရတာတွေကြောင့် ရေရှည်အတွက် စိုးရိမ်တကြီးဖြစ်လာတာကြောင့်

ဒေါ်လာသုံးရမယ့်၊ ကုန်မယ့် လမ်းတွေကို ပိတ်ဆို့ပြီး အရေးကြီးသွင်းကုန် လောက်ပဲ တင်သွင်းခွင့်ပြုတာ။ အရေးကြီးသွင်းကုန်တွေ တင်သွင်းတာတောင် ခွဲတမ်း အချိုးကျ ခွင့်ပြုတာ။ သွင်းကုန်တွေ အရမ်းထိန်းချုပ်ပြီးတော့ ပြည်တွင်းမှာ သွင်းကုန်တွေကို ခွဲတမ်းနဲ့ပြန်ပေးနေတာ။ အရင်ခေတ်ကလို ကားတစ်စီး တစ်နေ့ကို ဆီ ၂ ဂါလံပဲ ဆီစာအုပ်နဲ့ ထုတ်ရမယ်ဆိုတာမျိုးအထိ ဖြစ်လာမယ့် အခြေအနေကို သွားနေပါတယ်”ဟု ရန်ကုန်စီးပွားရေးသမားက သုံးသပ် ပြောဆိုသည်။

စစ်ကောင်စီက လက်ရှိတွင် စက်သုံးဆီ လုပ်ငန်းရှင်တချို့ ၊ စီးပွားရေးသမား များ၊ စစ်ကောင်စီဘက်မှ အရာရှိတချို့ကို ဒေါ်လာစျေးကစားမှု၊ သွင်းကုန် တင် သွင်း မှု ဆိုင်ရာ လာဘ်ပေးလာဘ်ယူ သံသယအမှုများဖြင့် စစ်ဆေးစုံစမ်းမှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article