ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး
ရန်ကုန်၊ စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကလေးငယ် ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံမြို့ တံတားထိပ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
” ၁၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်က ကျိုက်ဒုံမြို့ တံတားထိပ်မှာရှိတဲ့ လူနေအိမ်တွေကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ပြည်သူအိမ် ၂ လုံးကြားကျပြီး ဆယ်ကျော်သက် အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရပြီး နေအိမ် ၂ လုံးပျက်စီးသွားတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။