28 C
Yangon

မိုးကုတ်နှင့် မူဆယ် တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

မိုးကုတ်နှင့် မူဆယ် တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ် မူဆယ်မြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မိုးကုတ်မြို့ စစ်ဗျူဟာကုန်းမှ အထက်ညောင်ကုန်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၅ နှစ်အရွယ် မောင်အောင်ကိုမြတ် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ညောင်ကုန်းရွာမှ အသက် ၄၀ အရွယ်ရှိ ဒေါ်ယာမယ်ရီ နှင့် ဦးရှမ်းကြီးတို့ ၂ ဦးသည်လည်း အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ညောင်ဖြူရွာမှ အမျိုးသား ၂ ဦး လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရရှိခဲ့​ကြောင်း၊ မူဆယ်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ လွယ်ကျယ်လောက်၊ နမ့်ဖက်ကာ၊ ၁၀၅ မိုင်တပ်စခန်းတို့ မှ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့က မူဆယ်မြို့နယ် ဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲကာ ကျောင်းထိုင်ဆရာတော် ၁ ပါး ထိခိုက် ဒဏ်ရာရရှိပြီး ကျောင်းဆောင်အချို့ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပြည်သူ ၅၀၀ နီးပါးနှင့် မူဆယ်မြို့နယ်ရှိ နမ့်ကတ်ရွာ၊ မန်ကန်ရွာ၊ မိုင်းဆက်ရွာနှင့် စယ်လန့်ရွာမှ ပြည်သူ ၄၀၀ နီးပါးသည် တုန်ခွမ်းရွာဇရပ်နှင့် နမ့်ခမ်းမြို့တို့တွင် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article