ထီးလင်းတွင် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ မကွေးမြို့တွင် ကင်းပတ်နေသည့် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၂၇
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၂ မိနစ်မှ နံနက် ၁၀ နာရီ ၃ မိနစ်ခန့် အထိ ထီးလင်းမြို့နယ်၊ရွှေအောင်သာရွာနှင့် ကတင်းတောအကြား လမ်းပိုင်းတစ်နေရာတွင် အမတ ၃၆၈ မှ အင်အား ၈ဝ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့က စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ထို့ပြင် မကွေးတိုင်း၊ မကွေးမြို့တွင် ကင်းပတ်နေသည့် စစ်ကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
စက်တင်ဘာလ ၂၃ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် မကွေးမြို့တွင် မြို့တွင်း ကင်းပတ်ရန် ထွက်လာသည့် စစ်ကား ၁ စီးကို မြို့ပတ်လမ်းနှင့် အထက ၁ လမ်းဆုံ မီးပွိုင့် နေရာတွင် ချိန်ကိုက်မိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မကွေး ခရိုင် အမှတ်၂ တပ်ရင်း – တောင်တွင်းကြီးတပ်ခွဲ၊ ရေနံချောင်းတပ်ခွဲနှင့်သရက်ခရိုင်အမှတ် ၁ တပ်ရင်း၊ Special Guerrilla Force Taung Dwin Gyi အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။