မုံရွာ-မန္တလေးလမ်းပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင်တွင် တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်ရှိ စွမ်းရည်ထက် ဆီဆိုင် တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၄ – Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန် မုံရွာ-မန္တလေးလမ်းပေါ် စွမ်းရည်ထက် ဆီဆိုင်တွင် တပ်စွဲကာ ခရီးသွားပြည်သူ လူထုကို ဖမ်းဆီးနှိပ်စက် ဆက်ကြေးကောက်နေသော အကြမ်း ဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များကို ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ၁၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ လက်နက်ကြီး ၃ လုံးမှာ ပစ်မှတ်ကို ထိမှန် ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က လည်း လက်နက်ကြီး များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys) ၊ မုံရွာခရိုင်တပ်ရင်း ၂၇ Black Dragon PDF ၊ ဗိုလ်ဒဿ ပြောက်ကျားတပ်ဖွဲ့၊ 5/UG Task Force Democratic Guerilla Force (DGF) ၊ Monywa Commando Force နှင့် BKM Force တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ နှင့် တပ်ခွဲများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အရေးပေါ် လက်နက် ခဲယမ်းများစွာ လိုအပ်လျက် ရှိကြောင်း ထုတ်ပြန်ထားသည်။