ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား၊ တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး စစ်တပ်က ရဟတ်ယာဥ် ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ စက်တင်ဘာ ၃၀
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားကြောင်း ယောဒေသ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
စက်တင်ဘာလ ၁၅ ရက် နေ့က လက်ပန်ကျေးရွာအရှေ့ ယောဒါးတောင်တန်းပေါ်၌ ညိပ်စခန်းချခဲ့သော ဂန့်ဂေါမြို့ ခလရ ၅၀ မှ အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်း အင်အား ၈၀ ခန့်သည် စက်တင်ဘာလ ၁၆ ရက်ညနေ ၃ နာရီခန့်တွင် ယောနကစစ်ကြောင်းနှင့် မဟာမိတ်စစ်ကြောင်းတို့၏ ရှေ့ပွိုင့် ရှေ့ကင်းအား ခြုံခိုတိုက်ခိုက်ခဲ့ရာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် စည်သူဝင်းနှင့် ရဲဘော် မျိုးဝေတို့ ကျဆုံးခဲ့ ရကြောင်း သိရသည်။
အလားတူ စက်တင်ဘာလ ၂၂ ရက်ည ၉ နာရီခန့်တွင် ကန်ရွာရဲစခန်းသို့ ရောက်ရှိနေသော ဂန့်ဂေါမြို့၊ ခလရ ၅၀ မှ အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းအင်အား ၈၀ ခန့်သည် ကန်ရွာရဲစခန်း အရှေ့ဘက် ညောင် ပင်ခါးရှည်နှင့် ၎င်းအရှေ့ဘက် လယ်ပြင်တို၌ ကင်းပုန်းဝပ်ပြီး စက်တင်ဘာလ ၂၃ ရက် နံနက် ၄ နာရီအ ချိန် စစ်ကြောင်းထိုးခဲ့ရာ YDF မှ ထောင်ထားသော နင်းမိုင်းမိပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဝဖာချောင်းဖျား တစ်နေရာ၌ ယောနကစစ်ကြောင်းမှ မီ တာ ၅၀ ခန့်အကွာမှ အပြင်းအထန် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာပြီး ဝဖာချောက်ထဲသို့ ဆင်းပြေးသွားသဖြင့် နောက်မှ လိုက်လံ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းတည့် ၁၁ နာရီ ၅၉ မိနစ်ခန့်မှစ၍ ၃၅ မိနစ်အကြာ ထပ်မံတိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
ထို့သို့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာပြီး မုံရွာ နမခမှ Mi 35 တိုက် ခိုက်ရေး ရဟတ်ယာဉ် ၁ စီးဖြင့် နေ့မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်တွင် ၄ ကြိမ်တိုင်တိုင် ပစ်ကူပေးကာ ကယ်ထုတ်သွားခဲ့ပြီး အကြမ်းဖက်စစ်ကြောင်းဆုတ်ခွာသွားသည့်နေရာများကို နယ်မြေရှင်းလင်းရေး ဝင် ရောက်စဉ် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်၌ မုံရွာ နမခမှ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၅ ကြိမ်လှည့် ပတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ များလည်းရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်ရည်တူ တနေကုန်တိုက်ခိုက်နိုင်ခဲ့ ပြီး ယောနကစစ်ကြောင်း နှင့် မဟာမိတ်ရဲဘော်များအားလုံး ထိခိုက် အကျအဆုံးမရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယောကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။