ကန့်ဘလူ၊ ငှက်ပျောတိုင်း လျှပ်စစ်ရုံးကို ဝင်ရောက်တပ်စွဲသော အင်အား ၇၀ ခန့်ရှိ စစ်တပ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သားနှင့် ပျူစောထီးများ ၅၀ ကျော် သေဆုံးပြီး လက်နက် ခဲယမ်း များသိမ်းဆည်း ရရှိ၊ စစ်ရဟတ်ယာဉ်ဖြင့် လာရောက် ပစ်ခတ်ခဲ့
■ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက တရားဝင် သတင်းထုတ်ပြန်မည်
ရန်ကုန်၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်း ကျေးရွာအနီးရှိ လျှပ်စစ်ရုံး၌ ဝင်ရောက်တပ်စွဲသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းတစ်ခုလုံးသိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား၊ ပျူစောထီး ၅၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၉ ရက် နံနက် ၄ နာရီခွဲခန့်က ကန့်ဘလူမြို့နယ် တောင်ခြမ်း ၊ ငှက်ပျောတိုင်း ရွာသစ် အရှေ့ဘက်ရှိ လျှပ်စစ်ရုံး၌ အင်အား ၇၀ ခန့်ဖြင့်ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက်စစ်သား ၊ ပျူစောထီးများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းတစ်ခု လုံးသိမ်းပိုက်နိုင်ခဲ့ပြီး ထွက်ပြေးသူများမှ အပ ကျန်စစ်သား၊ ပျူစောထီးအားလုံးနီးပါး သေဆုံးကြောင်း၊ ယင်းနောက် နံနက် ၈ နာရီခွဲခန့်တွင် နှစ်ကြိမ်၊ မွန်းလွဲ ၁ နာရီခန့်တွင် တစ်ကြိမ် အနောက်မြောက်တိုင်းစစ် ဌာန ချုပ်မှ တက်လာသော Mi 35 ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၅ ရက်လောက်ကပဲ ငှက်ပျောတိုင်း လျှပ်စစ်ရုံးကို အထိုင်ဝင်ချတာ၊ အထိုင်ဝင်ချပြီးတော့ တစ်နယ်လုံး မီးတွေ ဖြတ်လို့ဆိုပြီးတော့မှ ကန့်ဘလူနယ် က ရင်း ၃ ၊ ရင်း ၄ ၊ ခင်ဦးဘက်ကအဖွဲ့တွေ ရော၊ နောက်သပိတ်ကျင်း ဘက်က အဖွဲ့တွေရော ပေါင်းပြီး ဝင်တိုက်တာ၊ မနက်က ၄ နာရီခွဲ ၅ နာရီ လောက်ကနေ ဝင်တိုက်တာ၊ လေယာဉ်က မနက် ၇ နာရီထိုးပြီးလောက်မှ Mi 35 နဲ့လာပစ် တာ၊ မနက် ၈ နာရီခွဲလောက်မှာလည်း ၂ ကြိမ်လာပစ်တယ်၊ မွန်းလွဲ ၁ နာရီ လောက်မှာ လာပစ်တယ်၊ မနက် လေယာဉ် လာတော့ ခဏနားပြီး လေယာဉ် ပြန်ထွက်သွားတော့ တစ်ခါ ထပ်ပစ်တယ်၊ လေယာဉ်တစ်ခါလာပြီး ပြန် ဆုတ်သွားတော့မှ ဘေးကင်းပြီဆိုပြီး နောက်တစ် ခါပြန်ဝင်ပစ်သေးတယ်၊ သူတို့အဲဒီ မှာအထိုင်ချထား တာက ၇၀ ကျော်လောက်ချထားတာ၊ ၅၀ ကျော်လောက်ကတော့ သေတယ်၊ ထွက်ပြေးသွားတာတွေ လည်းရှိတယ်၊ ထွက်မပြေးတဲ့သူတွေကတော့ အကုန်သေတာ၊ သေတာက ၅၀ ကတော့ အကျော်ပဲရှိ တယ်၊ လေယာဉ်လာတာနဲ့ ကျကျနနတော့ မရေတွက် နိုင်ခဲ့ဘူး။ ရှိတာက ၇၀ ကျော်ရှိတာ၊ စခန်းကို သိမ်းနိုင် ခဲ့တာပါ၊ လက်နက်၊ ပစ္စည်းတွေ သိမ်းဆည်းရရှိမှုကတော့ တပ်ရင်းတွေက ထုတ်ပြန်ပါလိမ့်မယ်၊” ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင် တစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ကန့်ဘလူခရိုင်တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ ခင်ဦးမြို့နယ် အတွင်း ရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များနှင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ဝင် ၂ ဦး တိုင်းပြည်နှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ် အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။
“မြေပြင်စစ်ကူက ကား ၃ စီးနဲ့ လာတယ်၊ကား ၃ စီးနဲ့ထပ်တက် လာတဲ့ဟာ တွေက အခုညပိုင်းလောက် မှ အဲဒီ ငှက်ပျောတိုင်းနားရောက်မှာ၊ ကျနော်တို့ သိမ်းထား ခဲ့တဲ့ စခန်းထဲကို မဝင်ရသေးဘူး၊ အလောင်းတွေ မကောက် ရသေးဘူး၊ အလောင်းကောက်မယ့် သူလည်း မရှိဘူးပါဘူး၊ အဲဒီမှာရှိတဲ့သူ အကုန်ပြုတ်သွား တာဆိုတော့၊ လေယာဉ်နဲ့ ပစ်တာက အိမ်တွေလည်း ထိခိုက်မှုမရှိပါဘူး၊ လျှပ်စစ်ရုံးက ငှက်ပျောတိုင်းရွာနဲ့ ဆိုရင် အရှေ့ဘက် တစ်မိုင်ခွဲကျော်ကျော်လောက်ဝေးတဲ့နေရာမှာ ရှိတာဆိုတော့ ဘေးနားမှာက အိမ်တွေမရှိဘူး၊” ဟု တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ-MOD က ထုတ်ပြန်ထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့၏ ပုံရိပ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)