ရွာငံတွင် မိုင်းဆွဲခံရမှုကြောင့် ရဲတပ်ကြပ် မျိုးမင်းသူ သေဆုံးပြီး ရဲ ၃ ဦးဒဏ်ရာရဟု ပြည်ထဲရေး ကြေးနန်းသတင်းက ဖော်ပြ
ရန်ကုန်၊ အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် မိုင်းဆွဲခံရမှုကြောင့် ရဲတပ်ကြပ် မျိုးမင်းသူ သေဆုံးပြီး ရဲ ၃ ဦးဒဏ်ရာရရှိကြောင်း ပြည်ထဲရေး ဌာနတွင်း ကြေးနန်းသတင်းအရ သိရှိရသည်။
ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ကြီးစိုးသန်း ဦးစီးတပ်ဖွဲ့ဝင်များ၊ မြင်းကျဒိုး ကျေးရွာမှ ပြည်သူစစ် ခေါင်းဆောင် ဝင်းမြင့် ပါ ၃ ဦးတို့ ပါဝင်သောပူးပေါင်းအဖွဲ့က ရွာငံမြို့နယ်၊ တပင်ပျော်ကျေးရွာ အနီးဝန်းကျင် လုံခြုံရေး ဆောင်ရွက်ရန်အတွက် မော်တော်ယာဉ် ၅ စီး ဖြင့် ထွက်ခွာခဲ့ကြောင်း၊ ယင်းနောက် နံနက် ၉ နာရီ အချိန် ရွာငံမြို့နယ်၊ရေဦးကျေးရွာအနီးအရောက် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဆွဲမှုကြောင့် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ် မျိုးမင်းသူ(စိုးရိမ်ရ)နှင့် ရဲတပ်သား စိုးမင်းထွေး၊ ရဲတပ်သား အာကာအောင်၊ ရဲတပ်သား ဒီဇင်ဘာကိုကို (မစိုးရိမ်ရ)၊ စုုပေါင်း ၄ ဦးတို့မှာ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ၊ ထို့ကြောင့် ဒဏ်ရာရရှိသူ ရဲ ၄ ဦးကို ရွာငံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ရဲတပ်ကြပ် မျိုးမင်းသူမှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း၊ ကျန်ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင်၃ ဦးကိုမူ အောင်ပန်းမြို့၊ ကုတင် ၇၀၀ တပ်မတော် စစ်ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရဲကားဖြင့် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- Getty Image။
