နွားထိုးကြီး-မြင်းခြံ လမ်းပိုင်းတွင် စစ်ဆေးရေး လုပ်ဆောင်နေသော PDF တပ်ဖွဲ့နှင့် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၂
မန္တလးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ- နွားထိုးကြီးလမ်းပိုင်းတွင် စစ်ဆေးရေး လုပ်ဆောင်နေသော PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ် တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်ခန့်က နွားထိုးကြီး-မြင်းခြံ လမ်းပိုင်းတွင် မော်တော်ယာဉ်များကို စစ်ဆေးရေး လုပ်ဆောင်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို အကြမ်းဖက် စစ်တပ်ဘက်မှအင်အား ၂၀ ခန့်ဖြင့် လာရောက် ချောင်းမြောင်း ပစ်ခတ်ရာမှ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး ရဲ ၁ ဦး နှင့် စစ်သား ၂ ဦး သေဆုံးကာ ၉ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ထို့သို့ လာရောက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် လက်ဦးမှုရယူ တိုက်ခိုက်နိုင်ခဲ့သည့်အပြင် ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကျဲ ချခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“ကျနော်တို့စစ်ဆေးနေတုန်း နွားထိုးကြီးဘက်ကနေ လာချောင်းပစ်တာ၊ အဲဒီစစ်ဆေးတဲ့နေရာကလည်း နွားထိုးကြီးမြို့ကနေ ၁၅ မိနစ်တောင် မမောင်းရတဲ့ ခရီးဆိုတော့၊ အဲဒီလမ်းကလည်း မြင်းခြံ- နွားထိုး- မန္တလေး- မြစ်သား အကုန်သွားလို့ရတဲ့လမ်းဆိုတော့ စစ်ကောင်စီတပ်သားတွေလည်း အမြဲတမ်းလိုလို ကူးနေတဲ့လမ်း၊ စစ်ခွေးတွေကတော့ မနေ့က ညနေ ၄ နာရီလောက်ကတည်းက ပြန်ဆုတ်သွားတာ” ဟု Natogyi People Defence မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၃ တပ် ရင်း၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း၊ မန္တလေးခရိုင် အမှတ် ၃ တပ်ရင်း၊ နွားထိုးကြီးမြိုနယ် ပကဖ၊ ဗိုလ်စား ပြောက်ကြားတပ်ဖွဲ့ နှင့် Myingyan Black Tiger တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။