25 C
Yangon

မန္တလေးမြို့ပေါ်တွင် နယ်မြေရှင်းလင်းရေး အမည်တပ်၍ ရဲနှင့်တပ်အင်အား ၄၀၀ နီးပါးဖြင့် ဝင်စီးပြီး ကိုဇော်ရဲထက်ပါ ၁၅ ဦးကို ဖမ်းဆီး၊ နယ်မြေရှင်းလင်းကို ဒုတိယဗိုလ်မှူးကြီးသော်တာထွေး ဦးဆောင်နေ

Must read

ရန်ကုန်၊ မတ် ၂၄

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၂၂ ရက်နေ့က ရဲနှင့်တပ်အင်အား ၄၀၀ နီးပါးဖြင့် မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်၍ ဝင်ရောက်စီးနင်းပြီး ကိုဇော်ရဲထက်ပါ ၁၅ ဦးကို ဖမ်းဆီးကာ ယင်းစစ် ဆေး ရေးလုပ်ငန်းများကို ဒုတိယဗိုလ်မှူးကြီးသော်တာထွေးက ဦးဆောင်နေကြောင်း စစ်ဘက် သတင်းရပ်ကွက်များထံမှ သိရှိရသည်။

မတ်လ ၂၂ ရက်နေ့ နံနက် ၉ နာရီ မှ ၁၂ နာရီအထိ ရဲနှင့်စစ်တပ်အင်အား ၄၀၀ နီးပါးဖြင့် ပုသိမ်ကြီးမြို့နယ်ကို ဝင်ရောက်စစ်ဆေးရာတွင် အမှတ် ၈ စစ်လက်နက်ပစ္စည်းတပ် (မန္တလေး)မှ ဗကခ သိန်းထွန်းတင်၊ ရတဖ ၄ မှ ဒုရဲမှူးကြီးကျော်မျိုးဝင်း၊ ပုသိမ်ကြီးမြို့နယ် ရဲမှူးမင်းအောင် တို့ ဦးစီးပြီး ပုသိမ်ကြီးမြို့နယ်ကို ဝင်ရောက်စီးနင်းစစ်ဆေးကြောင်း သိရှိရသည်။

ပုသိမ်ကြီးမြို့နယ် ၊ မဲကင်းကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာတွင် အမှတ် ၂ ပင်မ အလုပ်ရုံ(လျှပ်စစ်) တပ်မှ ဗိုလ်မှူးကြီး ဝင်းကို ဦးဆောင်၍ စုစုပေါင်း အင်အား ၅၉ ဦးဖြင့်လည်းကောင်း၊ တဲကုန်းကျေးရွာတွင်ပင် အမှတ် ၂ စစ်ကြောရေးနှင့် တည်းခိုရေးတပ်မှ ဗိုလ်မှူးအေးချို ဦးစီး၍ အင်အား ၄၈ ဦးဖြင့်လည်းကောင်း၊ မြို့မရပ်ကွက်တွင် ခလရ ၄ မှ ဗိုလ်မှူးကျော်စွာထွန်းဦးစီး၍ အင်အား ၁၀၀ ဖြင့်လည်း ကောင်း၊ စည်ပင်သာယာ ကျေးရွာတွင် အမှတ် ၂ ယန္တရားတပ်မှ ဗိုလ်ကြီးမျိုးအောင်ထက် ဦးစီး၍ အင်အား ၄၄ ဦးဖြင့် လည်းကောင်း၊ မြို့မရပ်ကွက်နှင့်အောင်မင်္ဂလာရပ်ကွက်တွင် အမှတ် ၃၀၂၆ လေ ကြောင်း အရံကာကွယ် ရေးတပ်မှ ဗိုလ်ကြီးသန့်ဇင် ဦးစီး၍ အင်အား ၅၆ ဦးဖြင့်လည်းကောင်း၊ မြို့မရပ်ကွက်၊ သုခမင်္ဂလာရပ်ကွက်တွင် ရတဖ ၄ မှ ဒုရဲမှူးကြီးကျော်မျိုးဝင်း ဦးစီး၍ အင်အား ၅၀ ဖြင့်လည်းကောင်း ဝင်စီးနင်းရာ ကိုဇော်ရဲထက်ပါ ၁၅ ဦးကို ဖမ်းဆီးရမိကြောင်း သိရှိရသည်။

ဖမ်းဆီးရသူများကို စစ်ဆေးခြင်းအပါအဝင် နယ်မြေရှင်းလင်းရေးများကို ခရိုင်စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ တင်ဝင်းရွှေ၊ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး သော်တာထွေး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စစ်ဆေးရေးအဖွဲ့ ပုသိမ်ကြီး ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များက ဦးစီးဆောင်ရွက်နေကြောင်း သိရှိရသည်။

ထို့ပြင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အိမ်ဌားနေထိုင်သော ပြည်သူများကို တင်းကျပ်စွာစစ်ဆေးရန် အမိန့်ပေးလိုက်ပြီး မြို့ပြ UG များအားရှင်းလင်းရေးအတွက် လုပ်ဆောင်နေကြောင်း၊ မတ်လ ၁၈ ရက်နေ့ တွင် ပြုလုပ်သော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် သတင်းညှိနှိုင်းအစည်းအဝေး၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ရပ်ကွက်ကျေးရွာများအတွင်း အိမ်ဌားနေထိုင်မှုများကို စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ရန်နှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပေါင်းစပ်ပြုလုပ်ရန် ညွှန်ကြားထားကြောင်း၊ ညွှန်ကြားချက်ကို နယ်မြေရဲစခန်းများအားလုံး လိုက်နာဆောင်ရွက်ရမည်ဟု ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ-မန္တလေးမြို့ပေါ် နယ်မြေရှင်းလင်းရေး ဦးဆောင်နေသော ဒုတိယဗိုလ်မှူးကြီးသော်တာထွေး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article