ဂန့်ဂေါမြို့နယ်ရှိ ကန်ရွာ ရဲစခန်းနှင့် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကန်ရွာ ရဲစခန်းနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီမှ ၁၁ နာရီ ၃၀ မိနစ်အထိ ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေ ရဲစခန်းကို ဂန့်ဂေါခရိုင်၊ အမှတ် ၁ ၊ ၇ တပ်ရင်းတို့ ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ၃၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှလည်း ၆၀ မမ ၃ လုံး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်မှ ၈ နာရီ ၁၂ မိနစ်အထိ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရွာနယ်မြေ ရဲစခန်းမှ ထွက်လာသော စစ်သားနှင့် ပျူစောထီး အင်အား ၃၀ ကျော်ပါ စစ်ကြောင်းကို ဂန့်ဂေါခရိုင် အမှတ် ၁ ၊ ၁၂ ၊ ၁၄ ၊ ABSDF ဂန့်ဂေါမြို့နယ် ပကဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။