ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၁၈ ဦးထက်မနည်း ဒဏ်ရာရ၊ စစ်တပ်က ပြည်သူ ၂ ဦးကို နှိပ်စက် သတ်ဖြတ်
ရန်ကုန် ၊ အောက်တိုဘာ ၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၁၈ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၉ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က ပေါက်မြို့နယ်၊ ဇီးပြားရွာမှ မြောက်ဘက်ကို ရေချိုးထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကျဲချ ပြီးနောက် Rocket ၁၅ လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဇီးပြားရွာ၊ သရော်ကိုင်းရွာမှ ပျူစောထီးများနှင့် စစ်သား အင်အား ၂၀၀ ကျော်ခန့် ပူးပေါင်းပြီး ဇီးပြားကျေးရွာအရှေ့ဘက်ကို စစ်ကြောင်းထိုးလာစဥ် စစ်တပ်၏ နောက်ချန် အင်အားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
အလားတူ အောက်တိုဘာလ ၂၁ ရက်နေ့တွင်လည်း အိုင်းမရွာ အနောက်ဘက် ၂ မိုင်ခန့် အကွာအရောက်တွင် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၄၈ လုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ည ၇ နာရီခန့်တွင် ရေခါးကျေးရွာမှ ပြည်သူ့နေအိမ်ဈေးဆိုင်များကို ဖောက် ထွင်းပြီး အဖိုးတန်ပစ္စည်းများ၊ အရက်၊ ဘီယာများ ခိုးယူကာ စခန်းချနေထိုင်စဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ မှလည်း လက်နက်ကြီး ၅ လုံးအပြင် လက်နက်ငယ်များဖြင့်လည်း ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲ ခန့်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း သွားလာရာ လမ်းတစ်လျှောက်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ အပြင် ဒရုန်းဖြင့် ဗုံး သီး ၃၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီကျော်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် လှုပ်ရှား သွားလာနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီခန့်တွင် အိုင်းမကျေးရွာ အနောက်ဘက် ၁ မိုင်ခန့်အကွာအရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးကျည်မြောက်များစွာပစ်ဖောက် အကူအညီတောင်းခံခဲ့ကြောင်း၊ ထိုသို့ မီးကျည်ပစ်ဖောက်အကူအညီတောင်းခံသော်လည်း စစ်ကူလာခြင်းမရှိသဖြင့် လှုပ်ရှားမှု တိတ်ဆိတ် ငြိမ်သက်သွားခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာလ ၂၄ ရက် ညနေ ၆ နာရီ မိနစ် ၂၀ အချိန်အထိ တပ်ဖျောက်နေခဲ့ပြီး အိုင်းမ ကျေးရွာအရှေ့ဘက်ကို စစ်ကြောင်းတစ်ကြောင်း၊ ကျောက်တိုင် ခင်ရွာ ဘက်ကို စစ်ကြောင်းခွဲ ထွက်လာ ခဲ့ ရာ ကျောင်တိုင်ကျေးရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခြင်းတို့လုပ် ဆောင်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးများ၊ စက် လက် များဖြင့် အော်ဟစ်ဆဲဆို ရမ်းသမ်းပစ်ခတ်ကာ ကျောက်တိုင်ခင် ကျေးရွာအတွင်းကို ဝင်ရောက် သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ဘေးရှောင် ပြည်သူ ၆ ဦးကို ဖမ်းဆီးပြီး လမ်းပြခိုင်း၍ လူသားဒိုင်းကာ အဖြစ် အသုံးပြုလာခဲ့ပြီး ရေခါးကျေးရွာမှ ဦးကျောက်ရွှေနှင့် မန်ကျန်းဂုဏ်ကျေးရွာမှ ဦးသန်းငွေတို့ကို သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူ ၂ ဦး၏ ရုပ်အလောင်းများကို ဆွေမျိုးသားချင်းများမှ လာရောက်သယ်ဆောင်နိုင်ခြင်းမရှိသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကောင်းမွန်စွာ မြေမြှုပ်သဂြိုလ် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်စစ်သားများ ကျောက်တိုင်ခင်ကျေးရွာအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဖလန် ကိုင်းရေနံမြေမှ အကြမ်းဖက်စစ်သားများသည် ကားများဖြင့် ပစ်ကူပေးကာ ရောက်ရှိလာပြီး ပြည်သူပိုင် ဆန်၊ ဆီ၊ ဆား၊ စားနပ်ရိက္ခာများနှင့် တန်ဖိုးရှိပစ္စည်းများကို ခိုးယူကာ ဖလန်းကိုင်းနယ်မြေအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း၊ ကျောက်တိုင်ခင်ကျေးရွာအတွင်း၌ အကြမ်းဖက်စစ်သားများ အခြေ ချတပ်စွဲထားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြိုင်-ပကဖ ၊ ပေါက်-ပကဖ ၊ တောင်ညိုနဂါး၊ ပခုက္ကူ မြို့ပြပျောက်ကျားတပ်ဖွဲ့နှင့် အခြားကာကွယ်ရေးအဖွဲများစွာ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကြောင်း ထွက်ခွာရာလမ်းတလျှောက်၌ ပြည်သူများ သတ်ခံထားရမှု ထပ်မံရှိနိုင်ကာ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ၌ ပူးပေါင်းပါဝင်ပေးကြပါရန်မြိုင်ပကဖမှ တိုက်တွန်းနှိုးဆောင်ထားသည်။
ယနေ့ အောက်တိုဘာလ ၂၅ ရက် နံနက် ၇ နာရီခန့်တွင် ဖလန်ကိုင်းနယ်မြေရဲစခန်းမှ အကြမ်းဖက် စစ် ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကျောက်တိုင်ခင်ကျေးရွာအတွင်းသို့ ရောက်ရှိနေသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ပူးပေါင်းပြီး ဖလန်းကိုင်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူများကို ရိုက်နှက်ခြင်း၊ နေ အိမ်များ အတွင်းမှ ရိက္ခာများ ခိုးယူခြင်းတို့ လုပ်ဆောင်လျက်ကြောင်း သိရသည်။
မြိုင်မြို့နယ်၊ တွင်းမ(ပျူ)ကျေးရွာအတွင်းသို့ ပခုက္ကူမြို့မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင် ၈၀ ခန့်ရောက်ရှိနေပြီး နီးစပ်ရာကျေးရွာများမှ ပြည်သူများအနေဖြင့် ရှောင်ရှားနေထိုင်ကြရန်၊ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း တိုက်ခိုက်နိုင်ရေး အသင့်ပြင်ဆင်ထားကြရန် မြိုင်ပကဖ က ထုတ်ပြန်ထားသည်။