Update – ချင်းရွှေဟော် ဖောင်ဆိပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး မြို့ထဲတွင် ပြည်သူများကို ဘေးကင်းရာ ရွှေ့ပြောင်းနေ
ရန်ကုန်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့အနီးရှိ စစ်ကောင်စီ ဖောင်ဆိပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း ချင်းရွှေဟော်မြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
“ချင်းရွှေဟော်ဖောင်ဆိပ်စခန်းကိုတော့ သိမ်းလိုက်ပြီ။ အကုန်သိမ်းလိုက်တာ။ စစ်ခွေးတွေ သေတာများတယ်။ မြို့ထဲမှာ ပစ်ခတ်မှု တချို့ဖြစ်နေတယ်။
ချင်းရွှေဟော်မြို့က ပြည်သူတွေက ဝ ပြည် နမ့်တစ်မြို့ဘက်ကို ပြေးနေကြတယ်။ ချင်းရွှေဟော် ဖောင်ဆိပ်စခန်းက ချင်းရွှေဟော်မြို့နဲ့ဆိုရင် ၄ မိုင်လောက်ပဲ ဝေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ချင်းရွှေဟော်မြို့ထဲတွင်လည်း ပစ်ခတ်မှုများ ယခု သတင်းရေးသားအချိန်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ချင်းရွှေဟော် ဖောင်ဆိပ်စခန်းတွင် သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။
