30 C
Yangon

Breaking News- တမူးမြို့နယ်၊ ခမ်းပတ်မြို့ ရဲစခန်းနှင့် ဝိတုပ် စစ်တပ်စခန်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ဆည် စစ်တပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း တိုက်ခိုက်

Must read

Breaking News- တမူးမြို့နယ်၊ ခမ်းပတ်မြို့ ရဲစခန်းနှင့် ဝိတုပ် စစ်တပ်စခန်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ဆည် စစ်တပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း တိုက်ခိုက်

■ ခမ်းပတ်မြို့မ ရဲစခန်းနှင့် ဝိတုပ်စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်၊ ခမ်းပတ် မြို့မ ရဲစခန်းနှင့် ဝိတုပ် စစ်တပ်စခန်း၊ ကလေးမြို့နယ်၊ ရာဇဂြိုလ်ဆည် စစ်တပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ တမူးမြို့နယ်၊ ခမ်းပတ်မြို့နယ် မြို့မရဲစခန်း နှင့် ဝိတုပ်စစ်တပ်စခန်း၊ ကလေးမြို့နယ်ရာဇဂြိုလ်ဆည်စစ်တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း၊ တစ်မြို့လုံး သေနတ်သံများ ဆူညံနေကြောင်း ၊ မြို့ခံအများစုမှာ နေအိမ်များတွင် ပိတ်မိနေပြီး အပြင်ထွက်၍ မရကြောင်း သိရှိရသည်။

“မနက်အစောကတည်းက တိုက်ပွဲဖြစ်သံတွေ ဆူညံနေတာ။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေကြတယ်။ မြို့ထဲမှာပါ ကျည်တွေ ပျံဝဲနေတာ။ အပြင်ကိုလည်း ထွက်မရဘူး။ မြို့သူ မြို့သားတွေ အိမ်တွေထဲမှာပဲ ပိတ်မိနေတယ်” ဟု ခမ်းပတ်မြို့မှ ဒေသပြည်သူတစ်ဦးကဆိုသည်။

တမူးဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် အချိတ်အဆက်ရှိနေသော CDF Ton Zang တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမူ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့နှင့် ဝိတုပ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဟု ကြားသိရကြောင်း ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက် နံနက် ၄ နာရီခန့်က ကလေးခရိုင် တမူးမြို့နယ်၊ ခမ်းပတ်မြို့ရဲစခန်း၊ ဝိတုပ် စစ်ကောင်စီတပ်စခန်းနှင့် ကလေးမြို့နယ်၊ ရာဇဂြိုလ်ဆည် တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များပူးပေါင်းပြီး တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခမ်းပတ်မြို့ရဲစခန်းနှင့် ဝိတုပ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

“ဒီမနက် ၄ နာရီလောက်က PDF မဟာမိတ်တပ်ပေါင်းစုတွေ ဝင်တိုက်ကြတာ၊ ခမ်းပတ်ရဲစခန်း၊ ဝိတုပ် တပ်စခန်း၊ ရာဇဂြိုလ်ဆည်တပ်စခန်းကို တပြိုင်တည်းတိုက်တာပါ၊ ရာဇဂြိုလ်ဆည်က ကလေး-တမူး လမ်း ၅၅ မိုင်လမ်းခွဲဘေးနားလေးတင်ပါ၊အခုထိတော့ ခမ်းပတ်မြို့ရဲစခန်းနဲ့ ဝိတုပ်စစ်တပ်စခန်းနှစ်ခုပဲ သိမ်းဆည်းရရှိသေးတယ်လို့ ကြားမိသေးတယ်၊ လက်နက်တွေဘယ်လောက်သိမ်းဆည်းရရှိတယ်၊ ထိခိုက်သေဆုံးမှုရှိ၊ မရှိနဲ့၊ စစ်ကူလာမျိုးတော့ မကြားမိသေးဘူး” ဟု CDF Ton Zang တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ABSDF ၊ PDF တပ်ဖွဲ့နှင့် CDF Ton Zang တပ်ဖွဲ့တို့ အပါအဝင် ဒေသကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းကာတိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေ အသေးစိတ်ကို မသိရသေး ကြောင်း သိရသည်။

လတ်တလော တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေသော ခမ်းပတ်မြို့ သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။

ဓာတ်ပုံ- ယခုနှစ် ဇူလိုင်လအတွင်း ခမ်းပတ်မြို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့မှုကြောင့် မီးလောက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article