ကြာအင်းဆိပ်ကြီးဗျူဟာကုန်း၊ ခမရ ၁၄၃ နှင့် မီးလောင်ချောင်းရှိ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက် မှု ဒုစစ်ကြောင်းမှူး စောလား အပါအဝင် PDF ၂ ဦးကျဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်း အပါအဝင် စစ်တပ်နေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ Lion Battlion စစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး စောလား အပါအဝင် PDF ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း Saw Dragon Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၇ နာရီခန့်မှ စ၍ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်း၊ ခမရ ၁၄၃ နှင့် မီးလောင် ချောင်းရှိ စစ်တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တပြိုင်တည်း ဝင် ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆင်ရေးအတွင်း Saw Dragon Drone Force – SDDF တပ်ဖွဲ့က မစ်ဆိုင်းဒုံးကျည် ၆ လုံးပစ်ကူပေးခဲ့ရာ အကြမ်းဖက်စစ်သားများအနီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အထိနာခဲ့သဖြင့် အကြမ်းဖက်စစ်တပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် လာရောက်ခဲ့ပြီး လေးကြိမ် ပစ်ခတ် ခဲ့ကြောင်း သိရ သည်။
“တိုက်ပွဲဖြစ်တာက ညပိုင်းကတည်းက ဖြစ်တာ၊ Saw Dragon Drone Force – SDDF တပ်ဖွဲ့ကတော့ မနက် ၇ နာရီကစပြီး မစ်ဆိုင်း နဲ့ပစ်ပါတယ်၊ ၆ လုံးပစ်တာ၊ ၄ လုံးပေါက်ကွဲပါတယ်၊ ရန်သူထိခိုက်သေဆုံးမှုကတော့စုံစမ်းနေတုန်းပါ၊ Lion Battalion ဒုစစ်ကြောင်းမှူး ကိုစောလားအပါအဝင် ၂ ဦးကျတယ်လို့ သိရတယ်၊ ကိုစောလားကတော့ စနိုက်ပါထိတာလို့ ကြားတယ်၊ ရန်သူ့ဘက်က Mi 35 နဲ့လာပစ်လို့ ဒဏ်ရာရတဲ့သူ တွေရှိပါတယ်၊ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရတာရှိပါတယ်၊ ပြည်သူ ဘယ် နှစ်ယောက်လောက်ထိလဲတော့ မသိရသေးပါဘူး၊” ဟု Saw Dragon Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Lion Battalion ကွန်မန်ဒိုစစ်ကြောင်း ၊ ဂဠုန်စစ်ကြောင်းနှင့် Saw Dragon Drone Force – SDDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၁၁ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ငြိမ်သက်နေကြောင်း သိရသည်။