ခင်ဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Future Hero အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တွင် ခင်ဦးမြို့ပေါ်ရှိ ရဲစခန်းနှင့် ရဲစခန်းအနီးရှိ ရဲကင်း၊ ရဲရုံး၊ ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက Drone ၂ စီးဖြင့် ၂ ရက်ဆက်တိုက် ၆၀ မမ ဗုံးသီး ၈ လုံး၊ လက်လုပ် ဗုံးသီး ၂၀ လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ခင်ဦးမြို့နယ်ရှိ မဒေါင်းလှ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ်ဗုံးသီး ၈ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ခင်ဦးမြို့နယ် ပျဉ်ထောင်ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ ဗုံးသီး ၆ လုံး၊ လက်လုပ်ဗုံးသီး ၁၈ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
” ခင်ဦးမြို့ပေါ် တိုက်ခိုက်မှုမှာ အနည်းဆုံး ၂ ကောင်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရတယ်။ မဒေါင်းလှ ပျူစောထီး ရွာမှာတော့ လက်နက် ဂိုဒေါင်တွေနဲ့ ဘန်ကာ နေရာတွေထိပြီး ၁ ကောင် သေတယ်။ သတင်း အတိအကျတော့ မရသေးဘူး။ ပျဉ်ထောင် ပျူစောထီးရွာတော့ သတင်းမရသေး။ သူတို့ရဲ့ လက်နက်ကြီးတွေထားတဲ့နေရာတွေ ဘန်ကာနေရာတွေကို အဓိက ပစ်မှတ်ထားပြီး ဒရုန်းသီးချခဲ့တယ်” ဟု Future Hero အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
၃ ရက်ဆက် တိုက်ခိုက်မှုအတွင်း Drone ၂ စီးဖြင့် ဗုံးသီးအလုံး ၆၀ ကို အသုံးပြုခဲ့ပြီး Drone ၁ စီး ပျက်ကျ ပျက်စီးကာ စစ်သားနှင့် ပျူစောထီးများ ထိခိုက်သေဆုံးမှု များပြားပြီး အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်တပ် တပ်စွဲထားသော နေရာများကို ပိုမို ပြင်းထန်သော Drone Mission များ ဖော်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် အလှူငွေများ ပါဝင်ကူညီပေးကြပါရန် တော်လှန်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။
အဆိုပါ တိုက်ခိုက်မှုကို Future Hero နှင့် Lightning Drone Force (မိတ္ထီလာ – ပ.က.ဖ) မဟာမိတ် ၂ ဖွဲ့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။