မြန်မာစစ်တပ်၏ ပြည်ပဝင်ငွေရလမ်း MOGE ကို ဒဏ်ပိတ်ဆို့မှု နောက်ဆက် တွဲ စစ်ကောင်စီ ဘယ်လောက် အထိနာမလဲ
By Igor Blazevic
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါတို့က မြန်မာ နိုင်ငံသားအချို့နဲ့ အဖွဲ့အစည်းအချို့ကို အောက်တိုဘာ ၃၁ ရက်နေ့ ၂၀၂၃ ခုနှစ်မှာ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု အသစ်တစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုတွေမှာ ဘာတွေ ပါသလဲ။ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတဲ့ အဓိက အချက်အလက်တွေကိုပဲ တင်ပြသွားမှာဖြစ်ပြီး နောက်တစ်ဆင့်မှာ နိုင်ငံတကာကို စည်းရုံးလှုံ့ဆော်ဖို့ ဘာတွေလိုမလဲဆိုတာကို တိုတိုတုတ်တုတ် တင်ပြသွားပါမယ်။
၁။ MOGE မြန်မာ့ ရေနံနှင့် သဘာဝဓာတ် ငွေ့ လုပ်ငန်း ( Myanma Oil and Gas Enterprise)ကို အကျိုးအမြတ်ပေးနေတဲ့ ငွေကြေးလွှဲပြောင်းမှုတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်ချက်ဟာ တော်လှန်ရေးအတွက်တော့ တကယ့် အောင်ပွဲတစ်ခုပါ။ စစ်တပ်က ရနေတဲ့ ဝင်ငွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံနဲ့ စွမ်းအင်ကဏ္ဍမှာ ဆက်ဆံမှုတွေ အများကြီးရှိနေတာကို ရှေ့မှာ ထည့်တွက်ဖို့ လိုပါပြီ။
၂။ ကနေဒါကတော့ မြန်မာနိုင်ငံထဲကို လေယာဉ်ဆီရောင်းပေးနေတဲ့ ကုမ္ပဏီတွေကို အာမခံ မထုတ်ပေးတော့ဖို့ တားမြတ်လိုက်ပါတယ်။ ဒါကတော့ ကျွန်တော်တို့တောင်းဆိုနေတဲ့ အရာပဲ ဖြစ်ပြီး ရှေ့မှာ US ၊ UK နဲ့ EUမှာ တောင်းဆိုမှုတွေလုပ်ကြဖို့ ရှေ့လမ်းစလို့ တွေးနိုင်ပါတယ်။ စိတ်ပျက်စရာကောင်းတာက ဒီ ပိတ်ဆို့မှုမှာ ကနေဒါနဲ့အတူတူ အမေရိကန်က ဝင်မပါတာပါ။
၃။ အခု ပိတ်ဆို့မှုလုပ်ကြတဲ့ နိုင်ငံတွေကြားထဲမှာတော့ ပိုပြီးပူးပေါင်းဆောင်ရွက်လာတဲ့ အနေအထားတွေကိုတွေ့ရပါတယ်။ လုံးဝပြောစရာမရှိတဲ့ အခြေအနေမျိုးမဟုတ်ပေမယ့် ဒီသုံးနိုင်ငံလုံးက အရင်နိုင်ငံ အသီးသီး ချမှတ်ခဲ့ တဲ့ပြစ်ဒဏ်တွေအပေါ် အခြေခံ ထပ်တိုးပြီး ချမှတ်ခဲ့တာဖြစ်တယ်။
၄။ ဒါပေမယ့် လုပ်စရာတွေ အများကြီးကျန်နေပါသေးတယ်။ ဒီပိတ်ဆို့အရေးယူမှုတွေဟာ တိုးတက်လာတဲ့ ခြေလှမ်းကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ လော်ဘီလုပ်ပြီး အရေးဆိုနေတဲ့ သူတွေ အနေနဲ့လည်း ဒါမျိုးက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ဖြစ်လာရမှာလို့ မချင့်မရဲ့ ဖြစ်စရာရှိပေမယ့် ကိုယ့်လုပ်ရပ်တွေ အထမြောက်လာတာကို ကျေနပ်ဝမ်းသာဖို့ အချိန်ယူသင့်ပါတယ်။
အောင်ပွဲက ချိုပေမယ့်လည်း အချိန်ကာလနောက်ကျတာကြောင့် ခါးသက်သက်ဓာတ်တော့ ပါနေသေးသလို ခံစားရတာအမှန်ပါ။ အရေးဆိုတဲ့အုပ်စုတွေဘက်က နိုင်ငံတကာရဲ့ မယုံမရဲဖြစ်မှုတွေ၊ အကြောက်အကန်ငြင်းဆန်မှုတွေကြားထဲမှာ MOGE ကိုပိတ်ဆို့ဖို့ စိုက်လိုက်မတ်တပ်တောင်းဆိုလာတာကြောင့် လုပ်စရာတွေရှိနေသေးသော်လည်း ကျွန်တော်တို့အနေနဲ့ ခဏလောက်တော့ ရလဒ်ထွက်လာတဲ့အတွက် ဝမ်းသာလို့ရပါတယ်။
ဗြိတိန်၏ ပိတ်ဆို့မှုကို ဆန်းစစ်ခြင်း
===================
UK ရဲ့ ပိတ်ဆို့မှုကတော့ တခြားနိုင်ငံကြီးတွေနဲ့ ပူးပေါင်းဆောင်ရွက်တာကို ပြဖို့ ပိုအာရုံစိုက်ပုံရပါတယ်။ လူငါးဦးနဲ့ အဖွဲ့အစည်းတစ်ခု ပါဝင်ပါတယ်။ အဲဒီပုဂ္ဂိုလ်တွေအားလုံးကို US နှင့် EU နှစ်ခုလုံး ဒါမှမဟုတ် EU နဲ့ US တစ်သုတ်စီ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ပိတ်ဆို့ဒဏ်ခတ်ခဲ့ပြီးသားပါ။ ဒီပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ဘာမှတော့ အများကြီးထိရောက်ဖို့မရှိပါဘူး။ ဒါပေမယ့် ဒီနိုင်ငံကြီးတွေကြားမှာ ညှိနှိုင်းဆောင်ရွက်မှုတွေရှိနေတယ်ဆိုတဲ့အတွက် မဆိုးဘူးလို့ ဆိုရမှာပါ။ စစ်တိုင်းအောင်ကို UK က ပိတ်ဆို့အရေးယူလိုက်ပြီး ( သူ့ကုမ္ပဏီကို US ကလည်း အရေးယူ ပိတ်ဆို့ထားတဲ့သူတစ်ဦးပါ။) ဒါပေမယ့် ယူကေက ယူအက်စ်က အရေးယူထားတဲ့ ကုမ္ပဏီတွေတစ်ခုကိုမှ မထည့်သွင်းထားတာတွေ့ရပါတယ်။
ကနေဒါ၏ ပိတ်ဆို့မှုကို ဆန်းစစ်ခြင်း
====================
ကနေဒါကတော့ လူပုဂ္ဂိုလ် ၃၉ ဦးနှင့် ကုမ္ပဏီ ၂၂ ခုကို စီးပွားရေးပိတ်ဆို့လိုက်ပါတယ်။ ယူကေနဲ့ ဆင်တူပြီး အခုကြေညာခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ အရင် ယူကေက လုပ်ထားခဲ့ပြီးတဲ့ ပိတ်ဆို့မှုတွေအတိုင်း တညီတည်းလိုက်သတ်မှတ်ပေးတာမျိုးဖြစ်ပါတယ်။ မြန်မာအစိုးရပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ လက်ရှိစကစကို ဝင်ငွေရှာပေးနေတဲ့သူတွေကို ပစ်မှတ်ထားတာကြောင့် တစုံတရာအတိုင်းအတာအထိ သက်ရောက်မှုရှိမှာဖြစ်ပါတယ်။
အဲဒါထက်ပိုအရေးကြီးတာကတော့ ဒီနိုင်ငံကြီးတွေကြားထဲမှာ သတင်းအချက်အလက်ဝေမျှတာတွေရှိနေတယ်၊ ညှိနှိုင်းပြီးပူးပေါင်းဆောင်ရွက်တာတွေဖြစ်နေတယ်ဆိုတာပါ။ စိတ်ဝင်စားစရာကတော့ ကနေဒါအစိုးရဟာရွှေဗျိုင်းဖြူကုမ္ပဏီကို ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်လိုက်ပါတယ်။ ရွှေဗျိုင်းဖြူဟာ တယ်လီနောကိုရောင်းတဲ့ကိစ္စ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့အချိန်မှာ တယ်လီနော ရှယ်ယာတွေကိုဝယ်လိုက်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ရွှေဗျိုင်းဖြူကိုပိတ်ဆို့တာ ကနေဒါက ပထမဆုံးနိုင်ငံပါ။ တခြားနိုင်ငံတွေကလုပ်သေးတဲ့အချိန်မှာ ကနေဒါဟာ စကစရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကိုလည်း ပိတ်ဆို့ခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်တာကြောင့် အံ့သြစရာထပ်ဖြစ်ပြန်ပါတယ်။ ပိုပြီးအရေးကြီးတာက ကနေဒါက လေယာဉ်ဆီကိုပါ ပစ်မှတ်ထားတာပါ။ အထူးသဖြင့်ကနေဒါဟာ မြန်မာနိုင်ငံကိုပို့မယ့်လေယာဉ်ဆီတွေကိုသယ်ယူပို့ဆောင်ပေးတဲ့နေရာမှာ ပါဝင်တဲ့ ဘယ်လူပုဂ္ဂိုလ်၊ ကုမ္ပဏီနဲ့ သင်္ဘောကိုမှ အာမခံပေးမှာမဟုတ်ပါဘူး။
ဒါဟာ ထူးခြားတဲ့ခြေလှမ်းတစ်ခုပါ။ ကနေဒါဟာ ဒီလိုလုပ်တဲ့နေရာမှာ ပထမဆုံးနိုင်ငံပါ။ ယူအက်စ်ကနေ ဂျက်လေယာဉ်ဆီကိစ္စကို ဒီနှစ်ဦးပိုင်းမှာ စလှုပ်ရှားခဲ့ပေမယ့် ကနေဒါကလုပ်တာကတော့ အဓိပ္ပါယ်ရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ သိပ်ပြီးလက်တွေ့နဲ့ ကင်းကွာပြီးစိတ်ကူးယဉ်လို့လည်းမရပါဘူး။ ကနေဒါက ဒီလိုလုပ်ပေမယ့် မြန်မာပြည်ကိုလေယာဉ်ဆီမဝင်တော့ပို့အထိ ဖြစ်လာမှာမဟုတ်ပါဘူး။
သေချာတာက ကနေဒါကုမ္ပဏီတွေဟာ စစ်တပ်ကိုလေယာဉ်ဆီပို့နေတဲ့ ကုမ္ပဏီတွေစာရင်းထဲမှာ ပါမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့ဟာ ကနေဒါမူဝါဒက ဒီလိုလုပ်တယ်လို့ နမူနာယူစရာ လက်ညှိုးထိုးပြလို့ရမှာ ဖြစ်ပါတယ်။ တခြားအစိုးရတွေလည်း ကနေဒါလို လုပ်ကြပါလို့ ပြောဆိုနိုင်ကြပါပြီ။
အမေရိကန်၏ ပိတ်ဆို့မှုကို ဆန်းစစ်ခြင်း
======================
ယူအက်စ်ကတော့ လူပုဂ္ဂိုလ်ငါးယောက်နဲ့ ကုမ္ပဏီသုံးခုကို ပိတ်ဆို့အရေးယူပါတယ်။ အဲဒီငါးယောက်စလုံးဟာ စကစရဲ့ အုပ်ချုပ်ရေးအဖွဲ့ထဲပါဝင်နေကြသူတွေပါ။ ဒီ ပိတ်ဆို့ဒဏ်ခတ်မှုရဲ့ လိုရင်းကတော့ သတိပေးချင်တဲ့သဘောမျိုးဖြစ်ပါလိမ့်မယ်။ နောက်ထပ်ကုမ္ပဏီသုံးခုကိုပါ အရေးယူရာမှာ နှစ်ခုကတော့ အရင်ကတည်းက ပိတ်ဆို့ဒဏ်ခတ်ခဲ့ပြီးဖြစ်တဲ့ စစ်တိုင်းအောင်ရဲ့ ကုမ္ပဏီ ၂ ခုပါဝင်ပါတယ်။ ဒီပိတ်ဆို့မှုကြောင့် ဘာတွေသက်ရောက်မှုရှိမလဲ ပြောဖို့ခက်ပါတယ်။
ဒါပေမယ့် ယူအက်စ်အနေနဲ့ ကော်ပိုရိတ်ကွန်ရက်တွေကို ပစ်မှတ်ထားတာတာဖြစ်ပြီး အဆက်အစပ်မရှိတဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ကုမ္ပဏီတစ်ခုချင်းကို ရွေးပြီးပစ်မှတ်ထားတာမဟုတ်လို့ ကောင်းတဲ့ကိစ္စပဲလို့ ဆိုရမှာပါ။ US ပိတ်ဆို့ဒဏ်ခတ်မှုထဲမှာ ထူးခြားတာက“Directive One” လို့ခေါ်တဲ့ ညွှန်ကြားလွှာပါ။ ဒါက ဒီဇင်ဘာ ၁၅ ရက်နေ့က စပြီး သက်ရောက်မှာဖြစ်ပါတယ်။
အဲဒီညွှန်ကြားလွှာထဲမှာ ပါတာကတော့ ဘယ်အမေရိကန်နိုင်ငံသားမဆို MOGE နဲ့ ဆက်စပ်လုပ်ငန်းတွေကို အကျိုးရှိစေမယ့်ဘယ်လို ငွေကြေး ဝန်ဆောင်မှုမျိုးကိုမဆို တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့်သော်လည်းကောင်း လုပ်ကိုင်ပေးတာ၊ ပြည်ပပို့ကုန်လုပ်ငန်းတွေမှာ ဝင်ပြီးဝင်ဆောင်မှုပေးတာ၊ တဆင့် ထပ်ပြီး ပြည်ပကိုရောင်းနိုင်အောင်လုပ်ပေးတာတွေမှာ ဝင်ပါလို့မရဘူးဆိုတဲ့ သတ်မှတ်ချက်ပါပဲ။
အမေရိကန် နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ကနေစာလို့ MOGE ရဲ့ ငွေကြေးနဲ့ ပတ်သက်နေတဲ့လုပ်ငန်းတွေကို ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ပါဘူး။ နောက်လလယ် အထိပဲ ဝန်ဆောင်မှုတွေ ဆက်လုပ်လို့ရနေဦးမှာဖြစ်ပါတယ်။ အဲဒီညွှန်ကြားလွှာမှာ “ငွေကြေးဝန်ဆောင်မှု” ကို “ ချေးငွေ၊ ငွေလွှဲပေးခြင်း၊ဘဏ်အကောင့်များဖွင့်ခြင်း၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးလုံခြုံရေး၊ စာချုပ်အရ သဘောတူခြင်း၊ ငွေလဲပေးခြင်း၊ ကုန်ရောင်းကုန်ဝယ် letters of credit ထုတ်ပေးခြင်း၊ ကြိုပွိုင့်ရောင်းဝယ်ခြင်းများနှင့် အလားတူဆောင်ရွက်မှုများ” လို့ ဖွင့်ဆိုထားပါတယ်။
စင်စစ်တော့ အဲဒါဟာ ငွေကြေး အင်စတီကျူးရှင်းတစ်ခု လုပ်တတ်တဲ့ လုပ်ငန်းတွေကို အကုန်ခြုံငုံမိအောင် ထည့်ထားတာပါ။ ဘဏ်အချင်းချင်းကြားထဲက လွှဲငွေတွေပါ ပါပါတယ်။ MOGE ကို US ဒေါ်လာနဲ့ ငွေပေးငွေယူလုပ်တဲ့ အဝန်းအဝိုင်းတစ်ခုလုံးထဲကနေ ဖယ်ထုတ်လိုက်တာပါ။ တစ်ဆက်တည်းမှာပဲ ယူအက်ငွေကြေးအဖွဲ့အစည်းတွေက လွှဲပြောင်းပေးနိုင်တဲ့ ဒေါ်လာနဲ့ မဟုတ်တဲ့ လွှဲပြောင်းပေးငွေတွေလည်း ပါပါတယ်။ ဘဏ်တွေဟာ MOGE နာမည်ပါတာနဲ့ တိုက်ရိုက်ပဲ လွှဲလွှဲ သွယ်ဝိုက်ပဲ လွှဲလွှဲ ငွေလွှဲပေးဖို့ ငြင်းပေးရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သွယ်ဝိုက်ငွေလွှဲပေးတယ်ဆိုတဲ့ စကားလုံးဟာ အများကြီးအရေးကြီးပါတယ်။
အဲဒီသွယ်ဝိုက်ဆိုတဲ့ အထဲမှာ MOGE ကို လုပ်ငန်းပစ္စည်းတွေ ရောင်းပေးနေတဲ့သူတွေနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးမှာ နည်းပညာပိုင်းက ပျက်စီးမှုတွေကို ပြန်ပြင်ပေးတဲ့ အပိုင်းတွေက စလို့ ဘယ်လို ဝန်ဆောင်မှုမျိုးမဆိုလုပ်ပေးနေတဲ့ ကုမ္ပဏီတွေပါ ဒီပိတ်ဆို့မှုနဲ့ ငြိမှာ ဖြစ်ပါတယ်။ MOGE ကို အကျိုးရှိစေတဲ့ ဘယ်ဝန်ဆောင်မှုမျိုးမဆိုပေးနေတဲ့ ကုမ္ပဏီဆိုရင် ငြိမှာပါ။ MOGE အနေနဲ့ ယူအက်ဒေါ်လာပါတဲ့ ဘယ် ငွေလွှဲပြောင်းမှုမျိုးကိုမှ လုပ်လို့ရတော့မှာ မဟုတ်ပါဘူး။
အရင် MFTB မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို ပိတ်ဆို့တာ တစ်ခုတည်းနဲ့ဆိုရင် ဒီလောက် ထိရောက်ဖို့ ခက်ပါတယ်။ US ဘဏ်တွေကလည်း ယူအက်စ်ဒေါ်လာနဲ့ မဟုတ်ဘဲ ငွေကြေးဝန်ဆောင်မှုပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် US ဘဏ်မဟုတ်တဲ့ ဘဏ်တွေကနေ US ဒေါ်လာမဟုတ်တဲ့ ငွေကြေးတွေနဲ့ MOGE ကို အဝင်အထွက်တွေ ရှိနေကြဦးမှာဖြစ်ပါတယ်။ Specially Designated Nationals ထဲမှာ MOGE ကို ထည့်ရင်လည်း အဲဒီလို လွှဲပြောင်းပေးတာတွေကလုပ်လို့ရနေဦးမှာ ဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော့် အမြင်တော့ ဒါဟာ ရှေ့ကိုအတော်ရောက်လာတဲ့ သဘောပဲလို့ပြောရမှာပါ။ MOGE ကို အပြည့် ပိတ်ဆို့ပြီး SDN စာရင်းထဲကို ထည့်လိုက်သလောက်ကို ထိရောက်နေပါပြီ။ ခုတစ်ခေါက်ကတော့ EU ရဲ့ MOGE အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့တွေနဲ့ အမေရိကန်က မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ကို အရေးယူပြီးတဲ့ နောက်မှာ ထပ်တိုးလာတာလို့ ပြောလို့ရပါတယ်။
MFTB ကိုပိတ်လိုက်ပြီးတဲ့နောက်ဆက်တွဲကတော့ တချို့ MOGE က ရမယ့် ငွေတွေ ပိတ်မိသွားတာကြောင့် စစ်တပ်ဆီကိုမရောက်နိုင်တော့ပါဘူး။ ဘယ်လောက်ပမာဏလည်းဆိုတာ အတိအကျမသိရပေမယ့် ဒေါ်လာ သန်းရာနဲ့ ချီဖို့ များပါတယ်။ အခု ထပ်ပြီးပိတ်ဆို့လိုက်တဲ့အခါ PTT က မြန်မာစစ်တပ်ကိုရှင်းရမယ့် ငွေတွေကို လွှဲဖို့ တောင် ခက်ခဲသွားနိုင်ပါတယ်။
ဒီပိတ်ဆို့မှုတွေ ချမှတ်ပြီးတဲ့အခါမှာလည်း ထိထိရောက်ရောက်ကျင့်သုံးကြမှာဖြစ်လို့ PTT နဲ့ POSCO ကိုလည်း စစ်တပ်ကို ဘဏ္ဍာရေး ဒဏ်ခတ်ပိတ်ဆို့မှုကနေ ရှောင်ရှားလို့ရအောင် မကူညီပေးကြဖို့ နိုင်ငံရေး ဖိအားဆက်ပေးနိုင်ကြမယ် ထင်ပါတယ်။ အထူးသဖြင့် ဒီကုမ္ပဏီတွေက MOGE ဝင်ငွေတွေကို တခြား ငွေကြေးနဲ့ ပြောင်းပြီး မပေးကြဖို့လိုပါတယ်။
သေချာတာကတော့ လက်ရှိ ပိတ်ဆို့မှုမှာ ယိုပေါက်တွေ ဟာကွက်တွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် US အနေနဲ့ MOGE ကို အပြည့် ပိတ်ဆို့လိုက်ရင်တောင်မှာ ဒီအားနည်းချက်တွေ ဟာကွက်တွေ ပိတ်သွားမယ်လို့ မထင်ပါဘူး။ အထူးသဖြင့် ဒီပိတ်ဆို့မှုဟာ သဘာဝဓာတ်ငွေ့ ထုတ်နေကြတဲ့ ကုမ္ပဏီတွေအပေါ် ကောက်တဲ့ အခွန်ငွေတွေကို ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။
အဲဒီငွေတွေက MOGE ကို မပေးဘဲ ပြည်တွင်းအခွန်ဦးစီးဌာနကို သွားလို့ပါ။ နောက်ပြီး ဒါက ရတနာသဘာဝဓာတ်ငွေ့ထုတ်လုပ်ငန်းထဲက Chevronလုပ်ကွက်တွေကို MTI သို့မဟုတ် တခြား ဝယ်လက်ကိုရောင်းလိုက်တာကို တားနိုင်မယ် မထင်ပါဘူး။ ဒါ့ကြောင့် MOGE ဟာ ယူအက်စ်ဒေါ်လာနဲ့ မဟုတ်တဲ့ တခြား ဘဏ်တွေကဖြတ်လာတဲ့ ဝင်ငွေတွေကို ရမြဲ ရနေဦးမှာပါ။ ( ဒီနေရာမှာ US ဘဏ်လုပ်ငန်းများ ဆိုတာက အမေရိကန်ပိုင်ဘယ်ဘဏ်မဆိုနဲ့ နိုင်ငံတကာက အမေရိကန်ဘဏ်ခွဲတွေပါ ပါပါတယ်။)
စစ်တပ်ရဲ့ ဝင်ငွေတွေကို ဘယ်လို ဆက်ဖိအားပေးကြမလဲ
==============================
စစ်တပ်ဘက် US ဒေါ်လာနဲ့မဟုတ်ဘဲ US ဘဏ်လုပ်ငန်းတွေကိုကျော်ပြီး MOGE ငွေတွေက ရအောင် ဘယ်လိုနည်းတွေနဲ့ လုပ်မယ်ဆိုတာကို ကျွန်တော်တို့ အာရုံစိုက်ပြီး ဖော်ထုတ်ကြဖို့လိုပါတယ်။ ထိုင်းဘဏ်တွေနဲ့ ဆက်ဆံရေးတည်ဆောက်ပြီး ဘတ်နဲ့ ရအောင်လုပ်ဖို့ ဖြစ်နိုင်ပါတယ်။ တရုတ်ဘဏ်တွေကိုလည်း သုံးနိုင်ပါတယ်။ ဘယ်လိုဖြစ်လာမလဲ မသိနိုင်ပါဘူး။
ဒါပေမယ့် ဆက်စောင့်ကြီးပြီး နိုင်ငံရေးဘက်ကရော တက်ကြွလှုပ်ရှားသူတွေဘက်ကရော၊ ဥပဒေဘက်ကရော အဲဒီဘဏ်တွေကို ဖိအားပေးကြဖို့လိုပါတယ်။ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ POSCO PTTEP, PTT နဲ့ Chevron/MTI အစရှိတဲ့ ကုမ္ပဏီတွေကို တပ်က ဒေါ်လာမဟုတ်တဲ့ တခြားငွေစက္ကူကိုပြောင်းတာ၊ တခြားငွေလွှဲလမ်းကြောင်းပြောင်းတာတွေနဲ့ ပိတ်ဆို့မှုကိုရှောင်ရာမှာ မကူညီဘဲ နေကြဖို့ ဖိအားဆက်ပေးဖို့ လိုပါတယ်။ ဒါကတော်တော်အရေးကြီးပါတယ်။
ထိရောက်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဘယ်လို ချမှတ်မလဲ
=================================================
ကျနော်ကတော့ သုံးခု အကြံပေးချင်ပါတယ်။
၁။ တပ်ဘက်က နိုင်ငံတကာ ငွေကြေးစနစ်ကို သုံးနိုင်ဖို့ ကူညီပေးနိုင်တဲ့ ငွေကြေးအဖွဲ့အစည်းတွေကို တားမြစ်ရပါမယ်။ (လက်နက်ဝယ်ဖို့ နဲ့ တခြားတပ်ပစ္စည်းတွေကို အာမခံ ထားပေးနေတဲ့ ကုမ္ပဏီတွေရဲ့ ငွေအလွှဲအပြောင်းတွေမှာ မပါဝင်ဖို့)
၂။ လေယာဉ်ဆီ အရောင်းအဝယ်လမ်းကြောင်းကို ဖြတ်တောက်ဖို့။ ကနေဒါနဲ့အတူတူ တခြားနိုင်ငံတွေကပါ မြန်မာနိုင်ငံကို လေယာဉ်ဆီပို့နေတဲ့ အလုပ်တွေမှာ အာမခံမရောင်းပေးဖို့။
၃။ တပ်ဘက်ကို လက်နက်ရောင်းပေးတဲ့သူတွေကို တားမြစ်ပြီး နိုင်ငံတကာ လက်နက်အရောင်းအဝယ် ပိတ်ဆို့နိုင်ရေး တွန်းအားပေးဖို့ပါ။
၄။ လက်ရှိ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်ထားပြီးတဲ့နောက်ပိုင်း နိုင်ငံအသီးသီးက ဘယ်လောက်ထိ အကောင်အထည်ဖော်မှုရှိသလဲဆိုတာစောင့်ကြည့်ဖို့- အဲဒီလို မစောင့်ကြည့်ရင် ပြစ်ဒဏ်ချပြီးလည်း မလိုက်နာဘဲ လျစ်လျူရှုထားတတ်ကြတယ်။