ပုလဲတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးထက်မနည်းသေဆုံး၊ စစ်တပ်က မိုင်းဆွဲခံရသည့် နေရာအနီးမှ လက်တောင်းငယ်ကျေးရွာကို မီးရှို့ဖျက်ဆီးမှု တစ်ရွာလုံးနီးပါး ပြာကျ
ရန်ကုန်၊ နိုဝင်ဘာ ၉
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး ထက် မနည်းသေဆုံးပြီး မိုင်းဆွဲခံရသည့်နေရာအနီးမှ လက်တောင်းငယ်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ရွာလုံးနီးပါး ပြာကျခဲ့ကြောင်း ABSDF Column – 3 က တရားဝင် ပြောဆိုထားသည်။
ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန် ပုလဲမြို့မှ ယင်းမာပင်မြို့သို့ ထွက်ခွာလာ သော စစ်ကောင်စီယာဉ်တန်း လုံခြုံရေး ရှေ့ပြေးပွိုင့်ကို လက်တောင်းငယ်ကျေးရွာအထွက်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ABSDF အမှတ် ၁၄ တပ်ရင်း ၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ် ဦး (BLDF)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့နှင့် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်တောင်းငယ် ကျေးရွာအ တွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
Photo – မီးရှို့ခံရသည့် လက်တောင်းငယ်ကျေးရွာ အတွင်း ဝင်ရောက်မီးငြိမ်းသတ်ပေးနေသည့် ရဲဘော် များ။


