ရန်ကုန်စက်သုံးဆီအရောင်းဆိုင်များတွင် ယနေ့ နံနက် ၄ နာရီကတည်းက ကားများ ကြိတ်ကြိတ်တိုး တန်းစီ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်နေရ ၊ ယမန်နေ့ထက် ဆီစျေးထပ်တက်
ရန်ကုန်၊ နိုဝင်ဘာ ၁၂
ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ယနေ့ နံနက် ၄ နာရီကတည်းက ကားများ ကြိတ်ကြိတ်တိုး တန်းစီပြီး ဓာတ်ဆီနှင့် ဒီဇယ်ဆီများ အကန့်အသတ်ဖြင့် ဝယ်ယူနေရကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
“မနက် ၄ နာရီကတည်းက ဆီဆိုင်တိုင်းမှာ တန်းစီနေရတာ။ ကိုယ့်အလှည့်ရောက်ဖို့ ၂ နာရီလောက် တန်းစီရတယ်။ တချို့ဆိုင်တွေကတော့ အကန့်အသတ်နဲ့ ရောင်းပေးတယ်။ တချို့ဆိုင်တွေကတော့ 95 တစ်မျိုးတည်းပဲရောင်းတယ်။ 92 ဓာတ်ဆီ အော့တိန်း မရဘူး” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်၏ လေ့လာချက်အရ ယနေ့ နံနက်ပိုင်း မြောက်ဥက္ကလာပအဝိုင်းတံတား (မြောက်ဥက္ကလာပဘက်ခြမ်း) Denko စက်သုံးဆီဆိုင်၊ တောင်ဥက္ကလာ MAX ဆီဆိုင်၊ စမ်းချောင်း NEW DAY ဆီ ဆိုင်အပါအဝင် ဆီဆိုင်များတွင် မျက်စိတဆုံး အလွန်ရှည်လျားသော ကားတန်းဖြင့် ဆီဝယ်ယူရန် တန်းစီနေကြကြောင်း သိရှိရသည်။
ဆီပြတ်လပ်မှုသည် စစ်ကောင်စီက စက်သုံးဆီအရောင်းဆိုင်များသို့ ဆီခွဲတမ်း မပေးနိုင်တော့၍ ပုံမှန်ခွဲတမ်းထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချလိုက်သဖြင့် ဆီပြတ်လပ်မှုဖြစ်ပေါ်နေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များထံမှ သိရှိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက စက်သုံးဆီခွဲတမ်းကို ပုံမှန်ပေးနေကျ ရာခိုင်နှုန်းထက် ၈၀ ရာခိုင်နှုန်းကျော် လျှော့ချပေးလိုက်သဖြင့် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်း စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ခွဲတမ်းတွေ လျော့တယ်။ အရင် ဓာတ်ဆီလီတာ ၃သောင်း ခွဲတမ်းချပေးနေတဲ့ ဆိုင်တွေကို အခု ဓာတ်ဆီ၄၀၀၀ လီတာပဲ ချပေးတယ်။ ချပေးတဲ့ ခွဲတမ်းတွေလည်း သီလဝါမှာ ဆီထုတ်ရမလွယ်ဘူး။ အခုက ဆီသွင်းဖို့ ဒေါ်လာ ပြတ်လပ်နေပြီလို့ လည်း ကြားနေရတယ်။ စစ်ကောင်စီက ဒေါ်လာချမပေးဘူးလို့လည်း ကြားရတယ်။ တကယ်တမ်း ဘာလို့ ဆီခွဲတမ်းလျှော့သလဲဆိုတာ ကျနော်တို့ သေချာမသိရသေးဘူး” ဟု ပုဂ္ဂလိက အလတ်စား စက်သုံးဆီပိုင်ရှင်တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့တွင် စက်သုံးဆီ ရရှိရန် ကားများ တန်းစီနေရပြီး တချို့ဆိုင်များတွင် ကားတစ်စီးလျှင် စက်သုံးဆီ ၁ သောင်းဖိုး သာရောင်းချပေးကြောင်း၊ စက်သုံးဆီစျေးနှုန်းမှာမူ ယနေ့ 92 တစ်လီတာ ၂၁၃၀ ကျပ်နှင့် 95 ဓာတ်ဆီ တစ်လီတာ ၂၂၅၀ ကျပ်စျေးရှိပြီး ယမန်နေ့ထက် တစ်လီတာလျှင် ၁၀၀ ကျပ်ဝန်းကျင် စျေးတက်သွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယနေ့ ရန်ကုန်တွင် ဆီတန်းစီနေသည့် မြင်ကွင်း။