လွိုင်ကော်၊ ချောင်းဦးနှင့် အင်းလေးတို့တွင် စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များယူဆောင်လာပြီး အလင်းဝင်
ရန်ကုန်၊ နိုဝင်ဘာ ၁၄
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ရဲစခန်းမှ ရဲအရာရှိ ၁ ဦးလက်နက်ယူဆောင်လာပြီး အလင်းဝင်လာကြောင်း KNDF Battalion-02 က ထုတ်ပြန်ထားသည်။
နိုဝင်ဘာလအတွင်း လွိုင်ကော်မြို့ ရဲစခန်းမှ ရဲအရာရှိ ၁ ဦးသည် KNDF Battalion-02 တပ်ရင်းထံ ဆက်သွယ်လာပြီး G 3 သေနတ်နှင့် ကျည်တစ်ချို့ယူဆောင်လာကာ အလင်းဝင်လာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဲအရာရှိနှင့် မိသားစုဝင်များကို ဘေးကင်းစွာခေါ်ထုတ်နိုင်ခဲ့ပြီး လုံခြုံသည့် နေရာတစ်ခုကို ပို့ဆောင်ထားကြောင်း၊ ၎င်းက G3 သေနတ် ၁ လက်နဲ့ ကျည်တစ်ချို့ကိုယူဆောင်လာသောကြောင့် KNDF က ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ယူဆောင်လာပြီး အလင်းဝင်လာကြောင်း မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၄ – မီးတောက်တပ်ခွဲက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ချောင်းဦးမြို့နယ် အမြင့်ရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် အမြင့်စျေးထဲကို ဈေးဝယ် ထွက်လာစဥ် လက်နက်ပါ ယူဆောင်လာပြီး ထွက်ပြေးကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရဲတပ်သားသည် MA13 အူဇီဟအမျိုးစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၂ ခု ၊ mm 9 ကျည် ၉၅ တောင့်၊ ကျည်ကာ ၁ ထည် ၊ လက်ကိုင်ဖုန်း ၁ လုံးယူဆောင်လာကာ လက်ရှိချိန်တွင် လွတ်မြောက် နယ်မြေကို ပို့ဆောင်ထားကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်၊ အင်းလေးဒေသတွင် အကြမ်းဖက် စစ်တပ်၏ ဆက်သွယ်ရေးတပ်သား ၂ ဦး အလင်းဝင်လာကြောင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ အတွင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် ၁၀၀၉ တပ်ရင်းကို အကြမ်းဖက် စစ်တပ်တပ် လက်အောက်ခံ ဆက်သွယ်ရေး တပ်သား ၂ ဦး CDM ပြုလုပ်လာသောကြောင့် ပြည်သူရင်ခွင်အဖွဲ့နှင့် ချိတ်ဆက်ပြီး ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အင်းလေး ဒေသအတွင်းရှိ စစ်ကောင်စီ ဝန်ထမ်းများ အနေဖြင့် CDM ပြုလုပ်ကြပါရန် တိုက်တွန်းကြောင်း၊ CDM ပြုလုပ်ရန် အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲရှိပါက တော်လှန်ရေး သတင်းပေးနှင့် အထောက်အကူပြုလုပ်ငန်းများထမ်းဆောင်နိုင်ကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊အင်းလေး ပျူစောထီး တပ်ဖွဲ့ဝင်များ၊ PNO ပြည်သူ့စစ်များအနေဖြင့် လက်နက်နှင့် ပူးပေါင်းလာပါက ပါရှိလာသော စစ်လက်နက်ခဲယမ်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ဆုကြေးငွေများ ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း IPDF က ထုတ်ပြန်ထားသည်။