တီးတိန်၊ ကနေဒီတောင်ရှိ စစ်တပ် စခန်းကို PDF-Zoland က နံနက် အစောပိုင်း တိုက်ခိုက်သိမ်းပိုက်မှု နမခ တိုင်းစစ်ဌာနချုပ်က မွန်းတည့်ချိန်ရောက်မှ သိရှိ၊ ဗိုလ်မှူး ၁ ဦး အပါအဝင် စစ်သား ၁၀ ဦးထက်မနည်း အရှင်ဖမ်းမိ
ရန်ကုန်၊ နိုဝင်ဘာ ၂၂
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ စစ်ကောင်စီ၏ တပ်စခန်းကို PDF – Zoland က နံနက်အစောပိုင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က ၅ နာရီကျော်အကြာ မွန်းတည့်ချိန်ရောက်မှသာ သိရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် တီးတိန်မြို့နယ်၊ ကနေဒီတောင်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF-Zoland က သွားရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီခန့်တွင် စစ်တပ် စခန်းကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွားချိန်တွင် စခန်း ဝင်ရောက်တိုက်ခိုက်ခံရကြောင်း သတင်းပေးပို့ချက်ရရှိကြောင်း၊ ယင်းနောက် နံနက် ၄ နာရီ ၄၀ မိနစ်အချိန်တွင် အဆက် အသွယ်များ လုံး၀ ပြတ်တောက်သွားကြောင်း၊ ထို့နောက် ယမန်နေ့ နံနက် ၁၁ နာရီ ကျော်အချိန် မွန်းတည့်ချိန်ရောက်ခါနီးမှသာလျှင် စစ်တပ်စခန်း သိမ်းပိုက်ခံလိုက်ရသည်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းမှူးက သိရှိခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်ကဆိုသည်။
“မနက်အစောပိုင်းမှာ စခန်း ဝင်တိုက်ခံရတယ်လို့ သတင်းပေးပို့မှုရတယ်။ တစ်လျှောက်လုံး ဆက်သွယ်နေရင်းနဲ့ မိနစ် ၄၀ လောက်မှာ အဆက်အသွယ်ပြတ်သွားတယ်လို့သိရတယ်။ အဲဒီစခန်းမှာ လက်နက်ခဲယမ်း အင်အားအလုံ အလောက် ရှိတယ်။ မနက် ၁၁ နာရီကျော်မှ စခန်းအသိမ်းခံရတယ်ဆိုတာက သတင်းဝင်တာ။ မီဒီယာသတင်းတွေမှာ နံနက် ၆ နာရီမှာ စခန်းသိမ်းခံရတယ်လို့ပါတော့မှ ၅ နာရီနောက်ကျပြီးမှ စခန်းပါသွားတာ သိရတာ” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် မူလက စစ်သား ၂ ဦး သေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကြောင်း၊ ထပ်မံ၍ နယ်မြေရှင်းလင်းရာတွင် စစ်တပ်မှ ဗိုလ်မှူးတဦးအပါအဝင် စုစုပေါင်း ၁၀ ဦး ထပ်မံ ဖမ်းမိပြီးစစ်သား ၁ ဦးထပ်မံ သေဆုံးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ PDF – Zoland မှ ရဲဘော်တစ်ဦး ကျဆုံးကြောင်း ZVTV၏ သတင်းဖော်ပြချက်အရ သိရှိရသည်။