ရေဦးမြို့နယ်ရှိ အောင်သာယာ ပျူစောထီးရွာ တိုက်ခိုက်ခံရပြီးနောက် စစ်ကူလာသော စစ်ကြောင်းက ကျေးရွာ ၁၀ ရွာကျော်ကို စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ
ရန်ကုန်၊ နိုဝင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ အောင်သာယာ ပျူစောထီးရွာ တိုက်ခိုက်ခံရပြီးနောက် စစ်ကူလာသော စစ်ကြောင်းက ကျေးရွာ ၁၀ ရွာကျော်ကို စစ်ကြောင်းထိုးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ရေဦးမြို့နယ်ရှိ အောင်သာယာ ပျူစောထီးရွာကို တော်လှန်ရေး အင်အားစုများက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီးနောက် ရေဦးမြို့မှ စစ်ကား ၃ စီးဖြင့် စစ်ကူ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လေးရွာ၊ ချောင်းဦးရွာနှင့် ဇီးကန်ရွာ တို့မှ စတင်ကာ စစ်ကြောင်းထိုး နေခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးစီစီးနင်းမှုကြောင့် လေးရွာ၊ ချောင်းဦးရွာ၊ ဇီးကန်ရွာ၊ ပင်စိမ်းခင်းရွာ၊ မုံတိုင်ပင်ရွာ၊ အင်ပင်ရွာ၊ ရွာရှည်ရွာ၊ သာယာကုန်းရွာ၊ မုတ်စီရွာနှင့် မူးဆုံရွာတို့လည်း ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရှိရသည်။
” ရေဦးကနေ စစ်ကား အကြီး ၃ စီးနဲ့ ကြာပန်းညိုရွာအနီးမှာ စစ်ခွေး အင်အားချပြီး ရေဦးနယ်မြောက်ဘက်ခြမ်းမှာရှိတဲ့ လေးရွာ၊ ချောင်းဦးရွာနဲ့ ဇီးကန်ရွာတို့ဘက်ကို ဦးတည် စစ်ကြောင်း ဆက်ထိုးနေတယ်။ အခုလက်ရှိ စစ်ကြောင်းက လေးရွာနဲ့ ဇီးကန်ရွာကြား တောတိုက်ထဲရောက်နေတယ်။ အခုစစ်ကြောင်းထိုးနေတဲ့ စစ်ခွေးတွေက ရေဦးနယ် မြောက်ဘက်ခြမ်း ၃ မြို့နယ်အစပ်မှာရှိတဲ့ ရေဦး-တန့်ဆည် ကားလမ်းပေါ်က ဖိန်းကား၊ ဗိုလ်ရုံနဲ့ ဆပ်သေရွာဘက်မှာ အထိုင်ချထားတဲ့ စစ်ခွေးကြောင်း ဒီနေ့မနက် ရေဦးမြို့ထဲ ပြန်ဝင်သွားပြီး အောင်သာယာ ပျူစောထီးရွာကို စစ်ကူပေးဖို့ ထပ်ထွက်လာတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။
လက်ရှိချိန်တွင် ကန့်ဘလူမြို့နယ် ကာဘိုးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း အောင်သာယာ ပျူစောထီးရွာကို စစ်ကူရန် ထွက်ခွာလာပြီး စစ်ကြောင်း ၂ ကြောင်းဖြင့် ညှပ်ပိတ်ပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။
Photo – ရေဦးမြို့နယ်အတွင်း စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)
