28 C
Yangon

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ချင်းနှင့် မွန်တို့တွင် ရဲစခန်းများ စစ်ကြောင်းများ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၈

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော ရဲစခန်းများ စစ်ကြောင်းများ တိုက်ခိုက်ခံရကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ရန်ကုန်၊ ခရမ်းမြို့နယ်၊ သန်လျင်မြို့နယ်
======================

ရန်ကုန်တိုင်း ခရမ်းမြို့နယ် ဘုရားပျိုကျေးရွာ ရဲစခန်းကို မတ်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ ၃ဝမိနစ်ခန့်တွင် ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့က ၄၀ မမ ဗုံးပစ်လောင်ချာ ၃လုံးဖြင့် ပစ်ခတိုက်ခိုက်ခဲ့ကြောင်း နယ်မြေ သတင်းရင်း မြစ်များထံမှ သိရသည်။

အဆိုပါ ရဲစခန်း ပစ်ခတ်တိုက်ခိုက် ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ခရမ်း PDF တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်၊ သန်လျင်မြိုနယ် သပြေကန်ကျေးရွာ ရဲစခန်းကို သန်လျင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက မီးရှို့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးမှူး ကျော်မင်းနေအိမ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း PDF တပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ သပြေကန်ကျေးရွာ ရဲစခန်းကို သန်လျင် PDF တပ်ဖွဲ့က မတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်တွင် မီးရှို့ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်မင်း နေအိမ်ကို သေနတ်ဖြင့် ၅ ချက် ပစ်ခတ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်၊ ဘီးလင်း
========
မွန်ပြည်နယ် ဘီးလင်းမြို့ ရဲစခန်းနှင့် မြို့နယ် ထွေအုပ်ရုံးကို ယနေ့ မတ်လ ၂၈ ရက်နေ့ နံနက် ၁၁နာရီခန့်တွင် ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲ ၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို KNU တပ်ဟာ ၁ နှင့် ဘီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ ၁ဦးသေဆုံးကာ ထွေအုပ်ရုံးမှ စာရေး ၁ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်
=================
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရဲစခန်းကို မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု (PRF)က ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း PRF အဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကိုင်း၊ မုံရွာမြို့
==========
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် စစ်တပ် ပစ်သတ်သောကြောင့် ဦးခေါင်း ကျည်ထိမှန် ကျဆုံးခဲ့ရသည့် မသဉ္ဇာဟိန်း ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မတ်လ ၂၇ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော နေရာများကို လက်ပစ်မိုင်းများဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း Monywa Unity Forceအဖွဲ့ထံမှ သိရသည်။

မုံရွာမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်များ တပ်စွဲထားသော ဆည်မြောင်းရုံး၊ ပေ ၈၀လမ်း စစ်ဆေးရေးဂိတ်၊ ကျောက္ကာလမ်း Mobile One အနီးနှင့် ရန်ကင်းဆိုင်းဘုတ် နေရာများကို မတ်လ ၂၇ ရက်နေ့ ည၇ နာရီနှင့် ၈နာရီတို့တွင် လက်ပစ် မိုင်းများဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့မျး တပ်စွဲထားသော နေရာများကို Unity Force Monywa (UFM) နှင့် Brother Defense Force (BDF) မဟာမိတ် ညီနောင် တိုက်ခိုက်ရေးအဖွဲ့နှစ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ ထိခိုက် ဒဏ်ရာရမှုများ ရှိသော်လည်း အရေအတွက် မသိရသေးကြောင်း Monywa Unity Force အဖွဲ့က ထုတ်ပြန်ထားသည်။

ချင်း၊ မင်းတပ်-မတူပီလမ်းပိုင်း
================
ချင်းပြည်နယ် မင်းတပ်-မတူပီ လမ်းပိုင်းတွင် ၁၆မိုင်တွင် CDF – Mindatနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ မတ်လ ၂၆ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မတ်လ ၂၇ ရက်နေ့တွင် မင်းတပ်-မတူပီ လမ်းပိုင်းတွင် ၁၇မိုင်၌ အင်အား ၃ဝဝခန့်ဖြင့် တပ်စွဲထားပြီး တော်လှန်ရေးနေ့ ဖြစ်သည့်အတွက် စစ်ကြောင်းလှုပ်ရှားမှုများ မပြုလုပ်ဘဲ တပ်ချထားကြောင်း သိရသည်။

မင်းတပ်-မတူပီလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်နေသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း CDF – Mindat က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article