ရေးမြို့နယ် အခြေစိုက် ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှ လက်နက် အပြည့်အစုံဖြင့် အလင်းဝင်လာသည့် ရဲတပ်ကြပ် ၁ ဦးကို ကျပ်သိန်း ၄၀ ချီးမြှင့်
ရန်ကုန်၊ ဒီဇင်ဘာ ၃
မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ခေါဇာမြို့နယ်ခွဲရဲစခန်းမှ နိုဝင်ဘာ ၂၅ ရက်နေ့တွင် လက်နက်အပြည့်အစုံနှင့် အလင်းဝင်ရောက်လာသူ ရဲတပ်ကြပ် မင်းနောင်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ တစ်ဆင့် ဒေါနစစ်ကြောင်းက ကျပ် သိန်း ၄၀ ဆု ချီးမြှင့်ခဲ့ကြောင်း ဒေါနစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။
ရဲတပ်ကြပ် မင်းနောင်သည် အကြမ်းဖက် စစ်တပ်လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်း မရှိ၍ G3 သေနတ်တစ်လက် ၊ ဘောက် ၂ ခု ၊ ကျည် ၁၀၀ ဖြင့် ရေးပြောက်ကျားတပ်ဖွဲ့ ဒေါနစစ်ကြောင်း တပ်ခွဲ ၃ သို့ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ဒေါနစစ်ကြောင်းအနေနှင့် အလင်းဝင်လာသူများကို ကာကွယ်စောင့်ရှောက်မှုများ၊ ရသင့်ရထိုက်သည့် အခွင့်အရေးများ ပေးအပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်လက်အောက်တွင် ကျန်ရှိနေသေးသည့် ရဲတပ်ဖွဲ့ဝင်များ ၊ တပ်သားများ၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ၊ လက်ပါးစေများ အချိန်မီ ပြည်သူ့ရင်ခွင်သို့ ခိုလှုံရန် နှိုးဆော်ထားပြီး တိုက်ပွဲအတွင်း လက်နက်ချသည့်အခါတွင်မူ သုံ့ပန်းဥပဒေများနှင့် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဒေါနစစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်တပ်ဘက်မှ အလင်းဝင်ရောက်လိုသူများရှိပါက မဟာမိတ်အင်အားစုများဖြစ်သည့် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ YAF၊ YDF၊ ABSDF တပ်ရင်း(၁)၊ MSRO တပ်များထံသို့ ဆက်သွယ်အလင်းဝင်ရောက်နိုင်ပြီး ပြည်သူ့ဘက်တော်သား Telegram @ppl112233 သို့မဟုတ် Signal/Viber +66650350556 သို့ ဆက်သွယ်၍လည်း အလင်းဝင်ရောက်နိုင်ကြောင်း သိရှိရသည်