28 C
Yangon

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိ

Must read

စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရရှိ

ရန်ကုန်| ဒီဇင်ဘာ ၁၁

ရခိုင်ပြည် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များက ကျေးရွာများကို အာဏာသိမ်း စစ်ကောင်စီတပ်မှ လက်နက်ကြီးအပါအဝင် ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်မှုရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာ ရွာသစ် ကို လက်နက်ကြီး နှစ်လုံးကျရောက် ပေါက်ကွဲမှုကြောင့် နေအိမ်များ ပျက်စီးခဲ့သော်လည်း လူ၊ တိရိစ္ဆာန်များ သေဆုံးမှု မရှိကြောင်း ပဒေသာ ရွာသစ် ကျေးရွာသားတစ်ဦးက ပြောသည်။

“လက်နက်ကြီးက ဆက်တိုက်ပစ်တာလေ။ အဲ့ဒီမှာ လက်နက်ကြီး နှစ်လုံး အိမ်ကို လာကျတာပါ။ လူ၊ တိရိစ္ဆာန်တွေ သေဆုံးတာ မရှိဘူး။ စိုးရိမ်ချက်တစ်ခုက ဘေးနားက အိမ်ခြံထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် တစ်လုံးရှိတယ်။ တစ်ခြားနေအိမ်တွေမှာတော့ လက်နက်ကြီးကျည် ကျတာတွေရှိတယ် “ဟုပြောသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်ခန့်က စစ်ကောင်စီဒရုန်းမှ ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ် ဝါဘိုကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တစ်လုံးသို့ ကျရောက်ခဲ့သည်။

ဒဏ်ရာရရှိသွားသူမှာ အသက် ၁၂နှစ်အရွယ်ရှိ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာမှ အဖ ဦးသန်းတင်မောင်၏သား မောင်မျိုးဆက်ပိုင် ဖြစ်ပြီ ၎င်းမှာ ဘယ်ဘက်ပါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား တစ်ဦးက ပြောဆိုသည်။

ဝါဘိုကျေးရွာသားတစ်ဦးက “ကလေးက ဒဏ်ရာမပြင်းပါဘူး။ ဒါပေမယ့် ပစ်ချလိုက်တဲ့ ဗုံးက တော်တော်ပြင်းတယ်။ လူမရှိလို့ ဘာမှ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ အစိုင်အခဲတွေက လွှင့်စင်လာတာပါ။ ကလေးက နှာခေါင်းသွေးထွက်တယ်။ စစ်တွေကို ချက်ချင်းပို့လိုက်ရတယ်။ ဘေးနားက နေအိမ်တစ်လုံးကတော့ ပျက်စီးသွားတယ်”ဟုပြောသည်။

စစ်တွေမြို့နယ်အတွင်းရှိသည့် ဝါဘိုကျေးရွာကို စစ်တွေမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများသည် မကြာခဏဆိုသလို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း ညအချိန်အတွင်း ဒရုန်းများဖြင့် ပစ်ခတ်ခြင်းများ ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ သုံးပတ်အတွင်း ရခိုင်ပြည်တွင် နေအိမ် ၁၅၅ ဆောင်နှင့် ဈေးဆိုင်ခန်း ၃၇၉ ခန်းကို စစ်ကောင်စီကည မီးရှို့ဖျက်ဆီးခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

နေအိမ် ၁၅၅ ဆောင်မှာ မြို့နယ်နှစ်ခုက ကျေးရွာ ၃ ရွာမှ နေအိမ်များဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောက နေအိမ် ၆ ဆောင်၊ ရဲရိုးပြင်ရွာက နေအိမ် ၁၃၀ ကျော်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည့်အပြင် ကျန် ၁၉ ဆောင်မှာ ပေါက်တောမြို့နယ် မနော်သီရိကျေးရွာက ဖြစ်သည်။ သို့သော်လည်း ပေါက်တောမြို့အတွင်း မီးလောင်ပျက်စီးခဲ့သည့်အရေတွက်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article