နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုခဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့တွင် စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော် ခိုလှုံနေသည့် ဇေယျသုဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TNLA ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် နမ့်ခမ်းမြို့၊ ပေါက်တိုက်မ ရပ်ကွက်ရှိ စစ်ဘေးရှောင်ပြည်သူ ၂၆၀ ကျော် ခိုလှုံနေသည့် ဇေယျသုခ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းကို အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဇေယျသုခ ဘုန်းတော်ကြီးကျောင်းတွင် နမ့်ခမ်းမြို့နယ်က လာရောက် စစ်ဘေးရှောင်နေကြသည့် စစ်ရှောင် ပြည်သူ ၂၆၂ ဦးရှိပြီး လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကိုရင်ငယ် ၁ ပါး ကျည်စထိမှန် ဒဏ်ရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင် အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မူဆယ်မြို့နယ် အထက်တုန်ခန်ကျေးရွာ နှင့် နမ့်ခုမ်ကျေးရွာအနီးကို ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကောင်းရာကျေးရွာအနီးကိုလည်း Y12 လေယာဉ်ဖြင့် ဗုံး ၆ လုံး လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။