မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၂ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၆
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အမျိုးသမီး ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက် လေယာဉ်က ဆိပ်ဖြူမြို့နယ်၊ သံပုရာပင်ကျေးရွာ၊ မူလတန်းကျောင်းအနီးသို့ ဗုံးကျဲချရာ ဗုံးပေါက်ကွဲပြီး အမျိုးသမီး ၂ ဦး သေဆုံးသွားခြင်းဖြစ် ကြောင်း၊ သေဆုံးသွားသော အမျိုးသမီး ၁ ဦးသည် လသားအရွယ်ကလေး၏ မိခင်ဖြစ် ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူး။ ဒီအတိုင်း လေယာဉ်နဲ့ ဗုံးကျဲချတာ။ ဗုံးက အရမ်းပြင်းတော့ ကျောင်းဆောင်လည်း ထိခိုက်သလို အနားက သစ်ပင်တွေ အိမ်တွေပါ ပျက်စီးကုန်တယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ ကလေးအမေ အမျိုးသမီး ၂ ဦးကတော့ အပိုင်းပိုင်း ပြတ်ကုန်တာ။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ ရွာထဲကို ဦးတည်ပြီး ဗုံးကျဲချတာက ပြည်သူတွေကို သေစေချင်လို့ တမင်ဗုံးကျဲတာပေါ့” ဟု ဆိပ်ဖြူမြို့နယ်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
သေဆုံးသူ ၂ ဦးမှာ မယုနန္ဒာ (အသက် ၂၁ နှစ်)၊ မမေသင်္ကြန် ( အသက် ၂၄ နှစ်)တို့ဖြစ်ပြီး ဒဏ်ရာရသူများမှာ ဒေါ်တင်စန်းထွေး (၄၈ နှစ်)၊ မဇင်ယမှုံထွန်း (၁ နှစ်ခွဲ)၊ မသီတာသိမ့် (၁၁ လ)တို့ဖြစ်ကြောင်း We Love SeikPhyu Group က သတင်းဖော်ပြထားသည်။
“သေဆုံးသူ အမျိုးသမီး ၂ ဦးက မယုန္ဒာ၊ မမေသင်္ကြန် ပါ။ ထိခိုက်ဒဏ်ရာရ သူ ဒေါ်တင်စန်းထွေး ၄၉နှစ် (ဦးခေါင်းထိမှန်)၊
မသီတာသိမ့် အသက် ၁၁ နှစ်(လည်ပင်းနှင့်နောက်ကြောထိမှန်)၊ မဇင်ယမုံထွန်း ၁ နှစ်ခွဲ (မျက်နှာတစ်ဝိုက်ထိမှန်)တို့ဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ပေါက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာနှင့် ကျွန်းပင်ကျေးရွာအကြားတွင်လည်းကောင်း၊ ချက်ကန်ကျေးရွာအနီးတွင်လည်းကောင်း လေယာဉ်ဖြင့် ဗုံးကျဲမှုများ ရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
ဓာတ်ပုံ- တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူ အမျိုးသမီး ၂ ဦးနှင့် ပျက်စီးသွားသော ကျောင်းဆောင်။
Photo Credit – We Love SeikPhyu Group ။


